ငါး ပုစွန်သယံဇာတထိန်းသိမ်းရေး

ငါးရစ်ငါးသန်ဘေးမဲ့ချန် ပုံမှန်စားသုံးမျိုးမသုဉ်း ငါးရစ်တစ်ကောင် သုံးလရှောင်၊ ထောင်သောင်း တိုးပွားရေရှည်စား ဟူသောဆောင်ပုဒ်များဖြင့် ငါးရစ်တက်ချိန်နှင့်ငါးသားပေါက်သောမိုးရာသီတွင် ငါးဖမ်းဆီးခြင်း မပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ဤသည်မှာ လူသားတို့စဉ်ဆက်မပြတ် ငါးစားသုံးနိုင်ရေးအတွက် အသိပေးခြင်းဖြစ်သည်။ ငါးမျိုးစိတ်များ မပျက်သုဉ်းရေးအတွက် စနစ်တကျ ထိန်းသိမ်းကြရန် ပြဆိုခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများသဖြင့် ငါးသယံဇာတပေါကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ငါးနှင့်ရေသယံဇာတ ပိုင်ဆိုင်မှုအဆင့် ၁၄ တွင်ရှိပါသည်။ ရေချိုငါးလုပ်ငန်းသည် နိုင်ငံတော်စီးပွားရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသနေ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအရင်းအမြစ်လည်း ဖြစ်သည်။

မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့်ဇွန်၊ ဇူလိုင်လတို့တွင် မြစ်ချောင်းအင်းအိုင်အနှံ့အပြား၌ ဥများဖြင့် ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရာလာရှာ၍ ငါးရစ်တက်ကြပါသည်။ ထိုမှငါးသားပေါက်အရွယ်(ငါးသန်)များကို ပေါက်ဖွားလာပါမည်။ လူသားတို့က အဆင်ခြင်ကင်းမဲ့စွာ ထိုငါးရစ်ကြီးများကို ဖမ်းဆီးလိုက်မည်ဆိုပါက ငါးရစ်များသေကျေပြီး ငါးမျိုးပေါက် များလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်နိုင်ရေးနှင့် တစ်နိုင်ငံလုံးငါးရိက္ခာ ဖူလုံစွာ စားသုံးနိုင်ရေးကို အထောက်အကူမပြုတော့ဘဲ ငါးမျိုးပြုန်းတီးသွားစေနိုင်ပါသည်။ ထို့ကြောင့် ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်သော မိုးရာသီအချိန်များတွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေးနှင့် နုနယ်လှသည့် ငါးသားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေးအတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်း မပြုဘဲ ဘေးမဲ့ပေးကြပါရန်နှိုးဆော်ထားသည်မှာ ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးအတွက် ရည်သန်ခြင်း ဖြစ်သည်။

ယခုအခါ နေရာဒေသများစွာတွင် လူဦးရေထူထပ်လာခြင်းနှင့်အတူ ငါး၊ ပုစွန်ဖမ်းခြင်းလုပ်ငန်းကိုပိုမို လုပ်ဆောင် လာသည့်အတွက် မြစ်ချောင်းအင်းအိုင်များ သာမက မြန်မာ့ပင်လယ်ပြင်၌လည်း ငါး၊ ပုစွန်ဖမ်းဆီးရရှိမှု လျော့နည်းလျက်ရှိနေသည်။ ငါးသယံဇာတပေါများရေးအတွက် လူသားတို့ကပင် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပေရာ ယခုအခါ မြို့နယ်တိုင်းတွင် ငါးသယံဇာတထိန်းသိမ်းရေး ဆိုင်းဘုတ်များ စိုက်ထူ၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများ ဦးဆောင်မှုဖြင့် နိုင်ငံပိုင်ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးအတွက် ရေသယံဇာတများအား စနစ်တကျ အသုံးပြုတတ်စေရန်နှင့် ရေထွက်ပစ္စည်းများမှ  ရရှိသည့်အကျိုးကျေးဇူးများကို ပြည်သူများအပြည့်အဝခံစားနိုင်စေရန်ရည်ရွယ်၍  ငါးသယံဇာတထိန်းသိမ်းရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး မြေစိုက်ဆိုင်းဘုတ်များကို လူအများသွား လာသည့်နေရာ၊ မြင်ကွင်းများ၌ စိုက်ထူလျက်ရှိသည်။

မြန်မာနိုင်ငံရေချို ငါးဖမ်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်း ငါးထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။  ငါးသည် အစားအစာများတွင် ဈေးနှုန်း အသက်သာဆုံးဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် ငါးစားသုံးမှုများပြားလာသည်။ ငါးသယံဇာတ လျော့နည်းမှုမရှိစေရေး နှိုးဆော်ခြင်း၊ အသိပညာပေးခြင်း၊ တားမြစ်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရဖမ်းဆီးတရားစွဲဆို အပြစ်ပေးခြင်းခံရမည် ဖြစ်သည်။

ငါးလုပ်ငန်းဦးစီး ဌာနသည် မြန်မာနိုင်ငံရှိရေချို၊ ရေငန် ရေပြင်များတွင် ငါး၊ ပုစွန်မျိုးများမပြုန်းတီးစေဘဲ ငါး၊ ပုစွန်အထွက် တိုးတက်စေရန်၊ မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ တိုးပွားလာစေရန်နှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ရေသတ္တဝါများ၏ မျိုးပွားရာသီကာလတွင် ဖမ်းဆီးခြင်း၊ သယ်ယူစုဆောင်းခြင်း မပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ်ထားပါသည်။ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ငါးလင်ပန်းများကို ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ၊ ကျောက်ငါးကို ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ၊ ရေချိုငါးအားလုံးကို မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ၊ ရေငန်ပုစွန်များကို ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိကာလများအတွင်း  ဖမ်းဆီးစုဆောင်း ရောင်းဝယ်တင်ပို့ခြင်းများ မပြုလုပ်ရန် အသိပေးကြေညာထားပြီး ဖြစ်ပါသည်။

မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှုနှင့် ပတ်သက်၍ သုတေသနတွေ့ရှိချက်များအရ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ သိသိသာသာ လျော့နည်းလာကြောင်း၊ ၂၀၁၈ ခုနှစ် ရေပေါ်လွှာငါးထုထည် ပမာဏသည် ၁၉၇၉-၁၉၈၀ ပြည့်နှစ်ရှိပမာဏနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရှိရသည်။ အနှစ်ချုပ်ဆိုရသော် မိမိတို့၏ ဘဝတစ်သက်တာနှင့် မိမိတို့၏ မျိုးဆက်များ စဉ်ဆက်မပြတ် ငါးပုစွန်စားသုံးနိုင်ရေးအတွက် အသိတရားရှိရှိဖြင့် ငါး၊ ပုစွန်သယံဇာတ ထိန်းသိမ်းရေးကို လုပ်ဆောင်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။