အစားအစာဘေးကင်းရေးနှင့် ဓာတုပစ္စည်းအန္တရာယ် ကာကွယ်ရေး

အစားအစာဘေးကင်းရေးမှာ နှစ်ပိုင်းပါဝင်ပါတယ်။ အစားအစာထုတ်လုပ်သူများဘက်မှ စားသုံးသူများအတွက် အန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာထုတ်လုပ်ရေးဖြစ်ပြီး ဒုတိယအချက်မှာ စားသုံးသူဘက်ကလည်း   စားသုံးသူကာကွယ်မှု အခွင့်အလမ်းများ တောင်းဆိုတတ်ရေးတို့ ပါဝင်တယ်။ ဝယ်စားလိုက်တိုင်း လုံခြုံစိတ်ချရဖို့ လိုတယ်။ အစာထုတ်လုပ်သူတွေဘက်မှ အန္တရာယ်ကင်းပြီး အာဟာရရှိတဲ့  အစားအစာတွေ ဖြစ်သင့်ပါတယ်။ အစားအသောက်ကြောင့် ရရှိလာနိုင်တဲ့ဆိုးကျိုးနဲ့ပတ်သက်တဲ့ ဓာတုဆိုးဆေးပါ အစားအစာတွေ ထုတ်လုပ်နေရင်တော့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ တရားစွဲ အရေးယူသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့ အစားအစာထုတ်လုပ်ရေး ဦးစားပေးရပါမယ်။

စားသုံးသူအန္တရာယ်ကင်းအစားအစာတွေ စားသုံးနိုင်ဖို့ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းမှာ အချို့နိုင်ငံမှာ ကျင့်သုံးနေတဲ့အများသုံးဖြစ်နိုင်တဲ့ အန္တရာယ်ရှိနိုင်မယ့် အဆင့်ကို ရှာဖွေကာဖော်ထုတ်ခြင်း (Hazard  Analysis Critical Control Point - HACCP) အစီအစဉ်ကို    ချမှတ်လုပ်ဆောင်ရပါမယ်။ လူထုအတွက်  အန္တရာယ်ရှိနိုင်မယ့်အဆင့်ကို တိကျစွာ ရှာဖွေရမယ်။ စားသောက်ကုန်ထုတ်ဌာနရဲ့ တာဝန်ရှိသူဟာ လုပ်သားတွေရဲ့ စားသုံးသူ အန္တရာယ်ကင်းရှင်းရေးနဲ့ သက်ဆိုင်တဲ့ အသိပညာတွေ ရရှိနိုင်ဖို့ ပညာပေးခြင်း၊ အလုပ်ခွင်သင်တန်းများ ပို့ခြင်းတို့ကို စီစဉ်လုပ်ဆောင်နိုင်ရမယ့်အပြင် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ နည်းဥပဒေတွေကို အလေးထားလိုက်နာဖို့ လိုတယ်။ စားသုံးသူအန္တရာယ်ကင်းရှင်းရေးအတွက် ကိုယ့်ရဲ့အလုပ်သမားနဲ့   ထိတွေ့မှု၊ စစ်ဆေးမှုတို့ အမြဲရှိနေရမှာ ဖြစ်တယ်။ စားသောက်ကုန်ထုတ်လုပ်သူဟာ ကိုယ်ထုတ်လိုက်တဲ့ ကုန်နဲ့ပတ်သက်ရာအညွှန်း ဂရုပြုရမယ့်အချက်ကို တိတိကျကျဖော်ညွှန်းရပါမယ်။ စားသုံးသူဘက်က ယုံကြည်စိတ်ချစွာစားသုံးနိုင်မှာ ဖြစ်တယ်။ ဥပမာ ထုတ်လုပ်ရက်စွဲ၊ ကုန်ထုတ်ရက်စွဲ၊ ပါဝင်တဲ့ပစ္စည်းပမာဏ အလေးချိန်၊ ကုမ္ပဏီလိပ်စာ၊ အညွှန်းတိတိကျကျ ပါဝင်ရမှာ ဖြစ်တယ်။

ပထမဆုံးကုန်ကြမ်းတွေကို   စုဆောင်းဝယ်ယူရမယ်။ အသားစိမ်း၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို ဆားရေထဲမှာ ၁၅ မိနစ်စိမ်ကာ ရေစင်စင်ဆေးကြောပေးနိုင်ရင်  ဓာတုပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတို့ အကြမ်းဖျင်းကင်းစင်မှာ ဖြစ်တယ်။   ချက်ပြုတ်ပြီး အစာနဲ့ကုန်ကြမ်းတွေအတွက် ရေခဲသေတ္တာ သို့မဟုတ်ကြောင်အိမ်တစ်ခုစီ ခွဲထားဖို့ လိုပါတယ်။ အသားခုတ်ခန်း သန့်စင်စွာ ထားရှိသင့်တယ်။ ရောဂါကင်းရှင်းတဲ့ အသားငါးဖြစ်သင့်တယ်။ စဉ်းတီတုံး၊ ဓား၊ စားသောက်မယ့်ဓား၊ ခက်ရင်း၊ ဇွန်းသန့်ရှင်းသပ်ရပ်စွာထားရှိရပါမယ်။ အစာထုတ်လုပ်ကိုင်တွယ်သူတို့ ကျန်းမာရေး စစ်ဆေးပေးဖို့ လိုအပ်သလို နှပ်ရည်၊ လက်ကြားဝဲယားနာများမရှိစေဖို့ သုံးလတစ်ခါစစ်ဆေးသင့်တယ်။ စားသုံးသူတွေက အစားအစာမှ ဖြစ်ပေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ မခံစားရနိုင်ရေးအတွက် ညီညွတ်မျှတတဲ့ တာဝန်ယူမှုရှိရမယ်။ လူတိုင်းဘေးကင်းဖို့အတွက် စာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတရှိထားသင့်တယ်။ ကိုယ်နေထိုင် စားသောက်ရာ ပတ်ဝန်းကျင်နေရာ၊   စားစရာတို့ဟာ ကျန်းမာရေးနဲ့ညီညွတ်မှုရှိ၊ မရှိ၊ စားသုံးရန်သင့်၊ မသင့် ရွေးချယ်တတ်ဖို့လိုတယ်။ ကိုယ်ဖြတ်သန်းရာ ဘဝသက်တမ်းတစ်လျှောက် ဘေးအန္တရာယ် လုံးဝမရှိတဲ့ အစားအစာရပါတယ်ဆိုတာ ရှားပါးပါတယ်။ လူနဲ့ ပတ်ဝန်းကျင်မှာ ဇီဝအန္တရာယ် (Biological Hazard)နဲ့ ဓာတုအန္တရာယ်(Chemical Hazard) ပျံ့နှံ့နေတတ်တယ်။ အစားအစာပြင်ဆင်ရာမှာ ထုပ်ပိုးရာမှာ  ထုတ်လုပ်ရာမှာ စားသုံးသူထံပြင်ဆင်ပြီး သွားရောက်တဲ့ နေရာမှာ လိုအပ်ချက်တွေရှိနေပါတယ်။ အစားအသောက်မှာပေါက်ပွားတဲ့ အဏုဇီဝပိုးရဲ့ အန္တရာယ်ကို သတိထားရမှာဖြစ်တယ်။ မြို့ပြတို့ရဲ့ ဆင်ခြေဖုံး နေရာတွေမှာ   တဖြည်းဖြည်းလူနေထူထပ်ခြင်း၊ ရေသုံးစွဲမှုစနစ်မကျခြင်း၊ ရေနဲ့အတူ စွန့်ပစ် အညစ်အကြေးတွေ ပါလာခြင်း၊ ခြင်၊ ယင် စတဲ့အင်းဆက်ပိုးတို့များပြားလာခြင်း  စတဲ့ပတ်ဝန်းကျင်မှ ရောဂါကူးစက်နိုင်တယ်။

အစေ့အဆန်များများစားခြင်း၊ ဟင်းသီးဟင်းရွက် များများစားခြင်း၊ ပဲအမျိုးမျိုးစားခြင်း၊  နေ့စဉ်ကိုယ်လက်အားကစား နာရီဝက်မှတစ်နာရီ (အပြေးလမ်းလျှောက်၊ စက်ဘီးစီးရေကူး) တစ်ခုခု ဆောင်ရွက်သင့်ပါတယ်။ နီရဲအသား၊ (ဥပမာ အမဲသား၊ ဝက်အူချောင်း၊ ကြက်အူချောင်းစားသုံးမှုလျှော့ချခြင်း)၊ နူးညံ့တဲ့ပေါင်မုန့် ဆန်ဖြူအစား ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ လုံးတီးဆန်ထမင်းစား ပေးသင့်ပါတယ်။

တိရစ္ဆာန်ရောဂါကူးစက်မှုမှ ကာကွယ်ဖို့အတွက် ISO လက်မှတ်ရအသား  ဒေသထွက်သားငါးဖြစ်သင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရ အစားအစာမှဖြစ်ပေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်မှ ကာကွယ်ဖို့ တိရစ္ဆာန်ကုဆရာဝန်တို့ဟာ အစားအစာထုတ်လုပ်ရေးနဲ့ စားသုံးမှုကို ကာကွယ်ပေးခြင်း၊ တိရစ္ဆာန်မှလူကို ကူးစက်နိုင်တဲ့ရောဂါတွေက ကာကွယ်ပေးခြင်း၊ ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး စတဲ့ကဏ္ဍတွေမှာ တာဝန်ယူနိုင်ရမယ့် အတိုင်းအတာအထိ ရှိပါတယ်။ အသားစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

ဓာတုပစ္စည်းအန္တရာယ်တွေ ကာကွယ်နည်းလမ်း(၁)မှာ နိုင်ငံအလိုက် ကိုယ့်ဒေသနဲ့ သတ်မှတ်ချက်အတိုင်း အစာထုတ်လုပ်ကြပါတယ်။ အန္တရာယ်ရှိပေမယ့် ဓာတုပစ္စည်းတွေပါဝင်မှုရှိ၊ မရှိ သေချာစွာ ထိန်းချုပ်ဖို့ လိုပါတယ်။ ဆိုးဆေးမှာ ဓာတုဆိုးဆေးကင်းစင်ရမယ်။ အဝတ်ဆိုးဆေးတွေ အများဆုံးသုံးနေကြတာ ရှောင်ရှားသင့်တယ်။ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊လိမ္မော်သီး အရောင်အဆင်းလှပစွာနဲ့ မှည့်ဝင်းစေဖို့ ဆာလဖာဓာတုပစ္စည်းထည့်သွင်းခြင်းတို့ တင်းကျပ်တဲ့ နည်းဥပဒေတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။

ဓာတုပစ္စည်းသုံးစွဲကာ အစားအစာလူကြိုက်များအောင် ပြုလုပ်ထားတတ်ခြင်း မဖြစ်သင့်ပါဘူး။ ဓာတုပိုးသတ်ဆေးအစား တမာပိုးသတ်ဆေးသုံးလာသလို ပိုးမွှားဒဏ်ခံနိုင်တဲ့မျိုးဗီဇတွေ၊ အပင်တွေမှာ ထည့်သွင်းအသုံးပြု လာကြပါတယ်။

နည်းလမ်း(၂)အရ အစားအစာတွေမှာ ကြာရှည်အထားခံအောင် ဆေးသုံးကြတယ်။  မုန့်တီဖတ်၊ ပဲပြား၊ ပဲသွေး၊ ကြက်သွေးတွေ မပုပ်မသိုးအောင် လူသေကောင်မပုပ်မသိုးအောင်ထိုးတဲ့ ဖော်မလင် ထည့်သုံးထားလို့  ကြာကြာစား မိနေရင် အသည်းကင်ဆာ၊ အသည်းကြွပ်ဆတ်နာ၊ အာရုံကြောပြဿနာများဖြစ်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ စားစရာတွေကို စိုထိုင်းရေခိုးရေငွေ့နည်း သွားစေဖို့ အခြောက်ခံခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း နည်းလမ်းတို့အပြင် မျိုးရိုးဗီဇနည်းပညာသုံးကာ အပင်များရောဂါကျခြင်း ခံနိုင်ရည်ရှိတဲ့ဗီဇကို ထည့်ပေးလိုက်ရင် ပိုးသတ်ဆေး သုံးစရာမလိုနိုင်ပါဘူး။

နည်းလမ်း(၃)အရ နိုင်ငံအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်မှ တင်းကျပ်တဲ့ နည်းဥပဒေချမှတ်ကာ အစားအစာမှာ ဓာတုပစ္စည်းထည့်သွင်းနေခြင်းကို ထိန်းချုပ်ရမှာဖြစ်တယ်။ အစားအစာနဲ့ ပတ်သက်တဲ့ ဥပဒေချမှတ်ရေး  ရေးဆွဲထားရမယ်။ စားသုံးသူဟာ အစားအစာကိုသာ ဝယ်ယူစားသောက်နိုင်ကာ အစားအသောက်ပါဖြည့်စွက် ဓာတုပစ္စည်း များ၊ ပဋိဇီဝဆေးများနှင့် ပိုးသတ်ဆေး အကြွင်းအကျန်တို့ကို ကာကွယ်တားဆီးနိုင်စွမ်းမရှိပါဘူး။ ကျန်းမာရေးဗဟုသုတ ပိုမိုရှိထားသင့်သလို မှိုအဆိပ် (Alpha Toxin)နဲ့ ပတ်သက်လို့   စားသုံးသူတွေအနေနဲ့ ရှောင်ကြဉ်သင့်တယ်။ ကြာရှည်အောင် ဓာတုပစ္စည်းစီမံပြုလုပ်ထားတဲ့ ဖျော်ရည်မျိုး၊ အသားဘူးများ၊ သစ်သီးဘူးများ၊ ဝက်အူချောင်း၊ ကြက်အူချောင်း ရေရှည်စားသောက်ခြင်းတွေကို ရှောင်ရှားသင့်ပါတယ်။ လုံခြုံစိတ်ချရတဲ့ အစားအစာဟာ ကိုယ့်အိမ်မှာချက်ပြုတ်တဲ့ အစားအစာဖြစ်သင့်တယ်။

လူနဲ့တိရစ္ဆာန်တို့   ဘေးအန္တရာယ်ရှိကြောင်း သံသယရှိအစားအစာစစ်ဆေးရာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန၊ တိရစ္ဆာန်ကျန်းမာရေးဓာတ်ခွဲခန်း၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ ငါးဦးစီးဌာနဓာတ်ခွဲခန်း၊ ကျန်းမာရေး ဦးစီးဌာနရဲ့ အမျိုးသားကျန်းမာရေး၊ ဓာတ်ခွဲခန်း၊ ဆေးသုတေသနတို့ စိုက်ပျိုးရေးဌာနရဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာ ဓာတ်ခွဲခန်းတို့မှာ စစ်ဆေးပေးနိုင်ပါတယ်။ သားသတ်ရုံမှာ တိမွေးကုဆရာဝန်တို့ စစ်ဆေးပြီး အသားမှသာ လုံခြုံစိတ်ချနိုင်မှာ ဖြစ်တယ်။

ဒေါင့်သန်းနာရောဂါကြောင့် သေဆုံးရတဲ့ အမဲသားကို မစားသောက်သင့်ဘဲ မြေမြှုပ်ပစ်ရမှာကို စနစ်တကျမချက်စားမိရင် လူမှာဒေါင့်သန်းနာ ရောဂါကူးစက်နိုင်တယ်။   နွားတီဘီရှိ နွားနို့ကို မကျက်တကျက် သို့မဟုတ် အစိမ်းသောက်သုံးမိရင်  နွားတီဘီရောဂါ လူရဲ့အူသိမ်ဦးမှာ ဖြစ်ပွားနိုင်လို့ ရှောင်ရှား လိုက်နာသင့်ပါတယ်။ ။

ဒေါက်တာလွင်သန့်