ကဆုန်သည် သဘာဝမျက်နှာပြင်မှကျောခိုင်း ထွက်ခွာလေပြီ။ သူ့နေရာသို့ မိုးရေစက်များနှင့်အတူ ရောက်လာသူကား နယုန်ဖြစ်သည်။ သူ့ကို နယုန်မိုးသေး မြက်သားမွေး ဟုဆိုကြသည်။ သူ့ရှေ့က အသုံးတော်ခံသွားသော နောင်တော်ကဆုန်နှင့်သူကား ဘက်ညီသည်။ အမည်ကိုက ကာရန်သင့်စွာ ကဆုန်နှင့်နယုန်ဟုတွင်သည်။ စာချိုးများကိုကြည့်ဦးမလား။
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်၊ တစ်လကုန်လို့မှ ကဆုန်မှန်း နယုန်မှန်းမသိဟူ၏။ ဆင်သယောင်ရှိသော ရာသီသဘာဝကြောင့် ဤသို့ဆိုလေသလောတွေးတောဖွယ်ပင်။
နယုန်ဆန်းသော် စံပယ်ဖြူဖွေးတို့ ကြူကြူမွှေးလာသည်။ မုလေးပန်းခေါ် မြတ်လေးပန်းတို့ ဖူးပွင့်လာသည်။ ရွှေစာတော်ပြန်မေးလို့ မြတ်လေးတဲ့စံပယ်။ ဟု စာဆိုဖိုးသူတော်ဦးမင်း၏ လေးဆစ်သဖြန်ကို အမှတ်ရဖွယ်ပါပေ။ သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ...ဟူသောအမတ်ကြီး သရေသင်္ခယာ၏သာဓိနပျို့အတိုင်း စာပလွေခင်းဟုတင်စားသော စာပြန်ပွဲများဖြင့် သာသနာ့အရောင်ထွန်းပြောင်ချိန်ပါတကား။ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်ထား၊ လစဉ်အမြဲ ဆယ့်နှစ်ပွဲ၌ စာပြန်ပွဲသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသော သာသနာ့ကျေးဇူးဆပ်ပွဲလည်း မည်ပေသည်။
ထိုနယုန်လသည် သံဃာတော်များနှင့် သီလရှင်များအတွက် ရွှေပေလွှာစာမေးပွဲစစ်သော အချိန်ကာလလည်း ဖြစ်ပေသည်။ သာမန်လူများက စာဖြေသံဃာများ တရားအလုပ်အပေါ် စိတ်ချလက်ချ ကျက်နိုင်ဖတ်နိုင်ဖို့အတွက် သံဃာ့ဝေယျာဝစ္စများကို တတ်နိုင်သရွေ့ကူညီပံ့ပိုးကြလေသည်။ တခြားသောမြို့ရွာများမှလည်း စာဖြေရမည့် နေရာသို့ လာရောက်၍ အလှူအတန်းပြုကြလေသည်။ အသင်းအဖွဲ့အစည်း များကလည်း အလှူငွေများ ပေးအပ်လှူဒါန်းကြလေသည်။ ဟူသော စာရေးသူခင်မျိုးချစ်နှင့် ဂျူနီယာဝင်း၏ ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များစာအုပ်အဆိုကလည်း နယုန်လစာပြန်ပွဲသရုပ်ကို ပီပြင်စေပါသည်။
နယုန်လ၌ နေမင်းသည် မေထုန်ရာသီကိုနောက်ခံထား၍ မျက်မြင်အားဖြင့် အရှေ့မှအနောက်သို့ယွန်းနေသည်။ ထို့ကြောင့် ဤလကို ရာသီအမည်အားဖြင့် မေထုန်ရာသီဟုခေါ်ကြသည်။ ဇွန်လ ၂၂ ရက်နေ့တွင် နေသည် အီကွေတာမှ မြောက်ဘက်၂၃-အံသာ၊ ၂၇-လိတ္တာ တိမ်းစောင်းနေသည်။ နေသည်မြောက်ဘက်လမ်းဆုံးသို့ ရောက်သည့်ရက်ပိုင်း ဖြစ်သည်။
ဇဋာယံဝယ်၊ ယုန်ပျံ-လစက်၊ နဂါးချက်လဲ၊ ပလျက်ယှဉ်ကာ၊ ကေဝဠာနှင့် ဟုဆိုသည့်အတိုင်း နယုန်လပြည့်နေ့ ညသန်းခေါင်တွင် လမင်းသည် နဂါးချက်ဟု မြန်မာတို့ခေါ်လေ့ရှိသော ဇေဋ္ဌနက္ခတ်၊ ကေဝဠာ(တံငါ)တာရာတို့နှင့် တောင်မြောက်ယှဉ်ပြိုင်ထွန်းလင်းလျက် မွန်းတည့်သည်။ ထို့ကြောင့် ဤလကို မွန်းတည့်နက္ခတ်အမည်အားဖြင့် ဇေဋ္ဌ-ဟု ခေါ်စမှတ်ပြုကြသည်။
နယုန်လသည် မိုးကျသောလဖြစ်၏။ နယုန်လဟူသည် မိုးရွာသောလဟု အဓိပ္ပာယ်သက်ရောက်ကြောင်း ပညာရှင်များက ဖွင့်ဆိုသည်။ ယခုနှစ်တွင် ကဆုန်လ၌ မိုးစိပ်စိပ်ရွာသည့်နည်းတူ နယုန်ဆန်းစကပင် မိုးပိုမိုစိပ်လာသဖြင့် အပူဒဏ်မှသက်သာစေပါသည်။ ဆယ့်နှစ်ရာသီမိုးတွင် နယုန်မိုးသေးဟု ဆိုလင့်ကစား သည်းသည်းထန်ထန် ရွာသောမိုးတို့ကြောင့် သစ်ရွက်သစ်ပင်တို့မှာ ခက်လက်စိမ်းမြနေပါတော့သည်။ နယုန်လ အခါသမယ၌ မုတ်သုံမိုးရွာသွန်းသည်နှင့်နွေကာလက ရေမရသောသစ်ပင်တို့ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း တွေ့မြင်ကြရသည်။
ချောင်းရေမြောင်းရေတို့ တသွင်သွင်စီးဆင်းကြသည်။ မိုးများသောဒေသများ၌ ချောင်းရေလျှံ၍ ကန်ရေတွေတိုးလာကြသည် ဟူ၍ ၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက် မြဝတီသတင်းစာ၏ အယ်ဒီတာ့အာဘော်၌လည်း နယုန်မိုးကိုဖွင့်ဆိုထားပါသည်။
ငွေစံပယ်ဖြူမုလေးက မွှေးလှပါသော နယုန်လ၏ အဇဋာကောင်းကင်ယံဝယ် မိုးသားတိမ်လိပ်တို့ မှိုင်းညို့ နေတတ်သကဲ့သို့ ရံခါ၌လည်း မိုးသားကြူး၍ လေရူးထန်တတ်သေးသည်။ လေရူးထန်လျှင် ရေဦးလည်းသန်တတ်ပါသည်။ ထို့ကြောင့် နယုန်ရေရူး၊ ရေဦးရေလွင် ရေသမင်တို့၊ လျင်လျင်တုပ်တုပ်သိမ်းချုပ်မတည်း၊ လိမ်မာနည်း၏ ဟု မန်လည်ဆရာတော်ဘုရားကြီးက ဖွဲ့ဆိုခဲ့ပေသည်။ နယုန်ရေဦးသည် ရေရူးလည်းဖြစ်လေရာ မြစ်ချောင်းများတစ်လျှောက် ဒလဟောစီးဆင်းတတ်ပေသည်။
မြစ်ရေပြင်သည် နေ့ချင်းညချင်းတိုးလာကာ လမ်းဘေးဝဲယာတစ်လျှောက် ကွင်းပြင်အနှံ့ရေလျှံတတ်သဖြင့် နယုန်ရေရူးကို မြစ်နားချောင်းစပ်၌ နေထိုင်သူတို့ အလွန်ကြောက်ရွံ့ကြပါသည်။
နယုန်လတွင် လယ်သမားတို့ပျိုးကြဲကြသောကြောင့် စိန္တကျော်သူဦးသြက နယုန်ဝါလ ကြဲကြပျိုးထောင် ဟုဖွဲ့သည်။ မြန်မာမင်းများလက်ထက်က မြန်မာဘုရင်များသည် အခမ်းအနားဖြင့် လယ်ထွန်မင်္ဂလာ ဆင်နွှဲခဲ့ပေသည်။ တိုင်းသူပြည်သားများအား တက်သရောရှိစေရန် ဖြစ်သည်။ အမရမည် အခေါင်တည်သည်၊ အောင်စည်ခြိမ်းရွမ်း၊ ပြည်ထွတ်စွန်းမှာ၊ ကျွန်းကျွန်းသခင်၊ လွမ်းရေးဆင်လို့၊ ထွန်မင်္ဂလာ၊ တဇေယာဖြင့်၊ ရွှေစာတော်ပြန်၊ ဓလေ့ငယ်ဖန်သောအခါ ဟူသော နယုန်လဘွဲ့လေးချိုးအရ ထင်ရှားပါသည်။
ဦးကြော့၏နယုန်လဘွဲ့တေးထပ်တွင်လည်း လယ်ထွန်ပြုခုအခါဝယ်၊ သုဓမ္မာစာပွဲရှင်လေးဟု ပါရှိပေသည်။
နယုန်လသည် ဤသို့သြကာသလောကအလှများပြီး ပြည့်နေသကဲ့သို့ လောကုတ္တရာဓမ္မအလှတို့ဖြင့်လည်း တစ်ဂုဏ်တင့်လျက်ရှိ၏။ နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ငြိမ်းချမ်းရေး မှတ်တိုင်စိုက်ထူနိုင်သော သမိုင်းဝင်နေ့ဖြစ်သည်။ မြတ်စွာဘုရားသည် ထိုနေ့၌ ကပိလဝတ်ပြည် မဟာဝုန်တောကြီး အတွင်း မဟာသမယသုတ်ဟောကြားတော်မူသည်ကို အကြောင်းပြု၍ နယုန်လပြည့်၌ မဟာသမယအခါတော်ပွဲ ကျင်းပရခြင်းဖြစ်ပါသည်။
ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလဝတ်ပြည်လယ်သမားများနှင့် ကောလိယပြည်မှလယ်သမားတို့ ရောဟိနီမြစ်မှရေကို အကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည် ရောဟိနီမြစ်ရှိရာသို့ ရောက်ရှိလာကြ၏။ ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး ငြိမ်းချမ်းရေးကို ရှေးရှု၍ ဝတ္ထုသာဓကခြောက်ခုဖြင့် ငြိမ်းချမ်းရေး တရားဟောကြားတော်မူလေသည်။
ဝက်ဝံနှင့်ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးစလုံးပျက်စီးကြပုံ ဖန္ဒနဇာတ်၊ အားသေးသောနှံစုတ်ငှက်မက အားကြီးသောဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ လဋုကိကဇာတ် အစရှိသည်တို့ဖြစ်သည်။ ဤတရားများကြောင့် နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသား စစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲ ကာလက်နက်များကို စွန့်ပယ်၍ မေတ္တာဓာတ်များ သက်ဝင်လာကြကုန်၏။ တစ်ဖက်လျှင် ၂၅၀ စီ နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့ ဝင်ကုန်၏။
ထိုရဟန်းတော်များကို မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလငှက်မင်းဇာတ်ကြောင်းကို ဟောကြားတော်မူလေရာ တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန်တည်တော်မူလေသည်။
မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။
မဟာဝုန်တောကြီး၌ တရားတော်ကိုဆက်လက်အားထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း ဖြစ်တော်မူကြသည်။ ရဟန်းငါးရာသည် မိမိတို့ရရှိပြီး တရားထူးကိုလျှောက်ထားရန်နှင့်မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရားထံ စုရုံးရောက်ရှိလာကြကုန်၏။
ဤကဲ့သို့ ထူးခြားသောသံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုလိုကြကုန်သော နတ်ဗြဟ္မာ၊ အသူရာနှင့်ဂဠုန်နဂါးတို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြကုန်၏။
ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤသို့နတ်ဗြဟ္မာများစုရုံးစည်းဝေးမိသော အချိန်ကို မဟာသမယဟုခေါ်ဆိုသည်။ ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို ထုတ်ဖော် မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့် မိန့်ကြားသော စကားတော်များကို မဟာသမယသုတ်ဟုခေါ်ဆိုပါသည်။ မြတ်စွာဘုရားနှင့် ရဟန်းသံဃာကို ဖူးမြော်ခြင်းငှာ ရောက်ရှိလာသူတို့တွင် သုဒ္ဓါဝါသဘုံ၌နေကြသော ဗြဟ္မာလေးဦးတို့သည် ကြံစည်ထားသည့်အတိုင်း မြတ်စွာဘုရားထံ ဂါထာတစ်ပုဒ်စီရွတ်ဆိုကြကုန်၏။
ထိုအခါ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားတို့ လက်ထက်တော်၌လည်း ယခု ငါ၏လက်ထက်တော်ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်အခါ၌လည်း ယခု ငါ၏လက်ထက်၌ကဲ့သို့ ဤမျှအတိုင်းအရှည်ရှိသော နတ်ဗြဟ္မာတို့သည်လည်း စည်းဝေးကြကုန်လတ္တံ့။ ရဟန်းတို့...နတ်ဗြဟ္မာအပေါင်းတို့၏အမည်ကို ပြောကြားအံ့။ ကြော်ငြာပေအံ့။ ဟောကြားပေအံ့။ ထိုစကားကိုနာကြလော့။ ကောင်းစွာနှလုံးသွင်းကြလော့။ ဟောပေအံ့ ဟု မြတ်စွာဘုရားဟောကြားတော်မူလေသည်။
မဟာသမယသုတ်ကို မဟာသမယ၊ ကြီးလှဂုဏ်ထွေ၊ ကုဋေတစ်သိန်း၊ တွက်ကိန်းဝေနေ။
ဒေဝါနတ်များ၊ သိကြားဗြဟ္မေ၊ နိဗ္ဗာန်နန်း၊ စံမြန်းကြသလေ။ ဟု ရှစ်လုံးဖွဲ့ကဗျာဖြင့် ပူဇော်သကဲ့သို့ ခပ်သိမ်းသတ္တဝါ၊ ရောဂါလည်းပျောက်၊ ချမ်းသာရောက်လျက်၊ ထွန်းတောက်စည်းစိမ်နေအိမ်ကျက်သရေ၊ တက်နေအလား၊ လွန်တိုးပွား၏၊
ဉာဏ်အားထက်မြက်၊ အသက်ရှည်ရေး၊ နတ်ချစ်ဆေးဟု၊ မည်ပေးခေါ်ကြ၊ သမယဟု၊ ဗုဒ္ဓမန္တန်၊ ဤသုတ္တန် ဟူသော အမွှမ်းဧကပိုဒ်ရတုဖြင့်လည်း ဓမ္မအလင်းဖြန့်ဝေပေးထားသဖြင့် နယုန်လသည် မြတ်သောလ ဖြစ်ပါသည်။ ဤသို့ဖြင့် ရွှေညှာစံပယ်၊ ငုံချင်းလှယ်လို့တစ်သွယ်ပန်းမြိုင်၊ တင်းကျမ်းပဲလှိုင် လေသည့် နယုန်လသည် ရဟန်းသံဃာတော်တို့၏ သာသနာအပေါ် လေးနက်သော ကျေးဇူးဆပ်မှုဖြစ်သည့် စာပြန်ပွဲနှင့် ဘုရားရှင်အဆက်ဆက် မဟာသမယသုတ်ဟောကြားရာ လမြတ်တစ်ပါးဖြစ်ပါ၏။ ထို့ပြင် ကမ်းငယ်ငုံနစ်၊ ယမုန်မြစ်မှာ၊ ကြက်ရစ်ကယ်စွယ်ယောင်၊ လှိုင်းညီနောင်နှင့်၊ တောတောင်တို့မှာ၊ ရှုလေရာဝယ် လွမ်းမောမဆုံးဖြစ်ရသော အလှတစ်ပါးသည်လည်း နယုန်ဆန်းတိုင်း ရင်ထဲခိုဝင်ကိန်းအောင်း နေဦးမည်မုချ ဖြစ်လေသတည်း။ ။
ဘယ်လရီစန်းရီ