အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူ သော ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူ သော ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ကြော်ငြာစာအမှတ်၊ ၁ / ၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်းခံရသော မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စလင်းတိုက်သစ် ဘာဝနာဌာနမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ပဓာနမဟာ နာယက၊ နိုင်ငံတော်ဗဟိုသံဃဂုဏ်ဆောင် ဗြဟ္မစိုရ်ဆရာတော် ဘဒ္ဒန္တတိက္ခ နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ တို့အား ဂုဏ်ပြုပူဇော်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် စလင်းတိုက်သစ်ဘာဝနာဌာနရှိ မဟာအောင်မြေဓမ္မဗိမာန်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဉက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြ ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗန်းမော်ဆရာတော်ကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ အား ဘွဲ့တံဆိပ်တော်များ ထပ်ဆင့်ဆက်ကပ်လှူဒါန်းကြပြီး ဗန်းမော်ဆရာတော်ကြီး အမှူး ပြုသောသံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ရန်ကုန်မြို့၊ ဓမ္မာစရိယတက္ကသိုလ် နာယကချုပ် ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသ က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ပဓာန နာယက၊ ဗြဟ္မစိုရ်ဆရာတော်ကြီးအား ကိုယ်တိုင်ဂုဏ်ပြုရေးသားသော ဂုဏာဘိတ္တဝ ဂါထာများဖြင့် ရွတ်ဖတ်ပူဇော်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။
ယင်းနောက် နမ္မတူဆရာတော် ဘဒ္ဒန္တဣန္စာရိယ က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိနှင့် ရတနာသိင်္ဃူကျောင်း ဆရာတော် ဘဒ္ဒန္တဝိစိတ္တာလင်္ကာရ က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းများကို ဖတ်ကြားပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ကေသဝ ထံမှ အနုမောဒနာတရားနာယူခဲ့ကြကြောင်း သတင်းရရှိသည်။