COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့ဆေးရုံများသို့ တပ်မတော်က အောက်ဆီဂျင်များ လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၇

COVID-19  ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သဖြင့် ရောဂါကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် အသုံးပြုမှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ထို့ကြောင့် COVID-19  ရောဂါကုသရေးတွင်  ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များရှိလာပါက အောက်ဆီဂျင်အိုးများ လှူဒါန်းနိုင်ရေး အတွက် တပ်မတော်က အောက်ဆီဂျင် ထုတ်လုပ်သည့်စက်များကို ကောင်းအောင်စီစဉ်ထားရှိရန်နှင့် အောက်ဆီဂျင်အိုးများကို တပ်မတော်မှ ကားများဖြင့် ပို့ဆောင်လှူဒါန်းပေးနိုင်ရန် လိုအပ်ကြောင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သည်။

ယနေ့တွင် COVID-19  ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို မင်းဓမ္မလမ်းရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း Oxygen Plant  ၌ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တပ်မတော် မော်တော်ယာဉ်များဖြင့် သွားရောက် လှူဒါန်းပေးကြသည်။ ဆက်လက်၍လည်း ဆေးရုံများတွင် အောက်ဆီဂျင်များ လိုအပ်ချက်ရှိပါက တပ်မတော် Oxygen Plant  များ၌ဖြည့်သွင်း၍ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။