လန်ဒန်၊ ဘောလုံး
UNICEF ရန်ပုံငွေပွဲစဉ်အဖြစ် ကမ္ဘာ့လက်ရွေး စင်ဟောင်းများအသင်းနှင့် အင်္ဂလန်လက်ရွေးစင် ဟောင်းများအသင်းတို့ ဇွန် ၁၃ ရက် နံနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝက်စ်ဟမ်းအသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ကမ္ဘာ့လက်ရွေးစင် ဟောင်းများ အသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
UNICEF ရန်ပုံငွေပွဲစဉ်၌ ကမ္ဘာ့လက်ရွေးစင်ဟောင်းများအသင်းတွင် သက်ဆိုင်ရာလက်ရွေးစင် အသင်းများမှ ဂန္ထဝင်ကစားသမားကြီး များဖြစ်ကြသည့် ဘရာဇီးအသင်း ဂန္ထဝင်ကစားသမားကြီး ကာဖူးနှင့် ကားလို့စ်၊ ယူကရိန်းဂန္ထဝင်ကစားသမား ရှက်ချန်ကို၊ ပြင်သစ် လက်ရွေးစင်ဟောင်း အီဗရာ၊ ဘူလ်ဂေးရီးယား လက်ရွေးစင်ဟောင်း ဘာဘာတော့ဗ်၊ ချက်လက်ရွေးစင်ဟောင်း ပီတာချက်ချ်နှင့် အီတလီ ဂန္ထဝင် ပီယာလိုတို့အပြင် ထိပ်တန်းစံချိန်တင် တာတို အပြေးသမား အူစိန်ဘော့တို့ ပါဝင်ကြသည်။
အလားတူ အင်္ဂလန်ဂန္ထဝင် ကစားသမားဟောင်းများအသင်းတွင်လည်း အင်္ဂလန်အသင်း၏ ဂန္ထဝင်ကစားသမားကြီးများဖြစ်သည့် ဒေးဗစ်ဂျိမ်းစ်၊ ကာရေဂါ၊ ဂယ်ရီနဗီးလ်၊ ရှရင်ဂမ်၊ ဒေါင်းနင်း၊ ဂျိုကိုးလ် စသည့်ကစားသမားများအပြင် ထိပ်တန်းတာတို အပြေးသမား တစ်ဦးဖြစ်သည့် မိုဖာရာလည်း ပါဝင်ကစားခဲ့သည်။
ယင်းပွဲစဉ်တွင် နှစ်သင်းစလုံး ပွဲချိန်အတွင်း နှစ်ဂိုးစီသရေရလဒ်ကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကစားကြရာ ကမ္ဘာ့လက်ရွေးစင် ဟောင်းများအသင်းက ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် ကမ္ဘာ့ထိပ်တန်းဂန္ထဝင်ကစား သမားကြီးများအပြင် ထိပ်တန်းနည်းပြများကိုလည်း ပြန်လည်မြင်တွေ့ခဲ့ရပြီး ကမ္ဘာ့ လက်ရွေးစင်ဟောင်း များအသင်းကို အာဆင်နယ်အသင်း ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက တာဝန်ယူကိုင်တွယ်ခဲ့သကဲ့သို့ အင်္ဂလန် လက်ရွေးစင်ဟောင်းများအသင်းကို နည်းပြဟယ်ရီရက်နက်စ်က တာဝန်ယူကိုင်တွယ်ခဲ့ကြောင်း သိရသည်။
Ref;Dailymail