၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာစိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၇၅ နှစ်ကာလကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစားရသေးတာကိုလည်း လက်ရှိပကတိ ဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ် ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခသည် ယနေ့တိုင် ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးသည်မှာ ပြည်ပနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်ပေးခြင်းက အဓိကအချက် ဖြစ်သည်။ ပြည်ပနိုင်ငံအချို့က အမျိုးမျိုးသောထောက်ပံ့မှုများ ပေးနေသည့်အထဲတွင် အဆိုးရွားဆုံးလက်နက်မှာ မီဒီယာလက်နက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများ၊ အခြေအနေဆိုးများမှာ အဆိုပါ မီဒီယာအဆိပ် လက်နက်ကြောင့်ပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်မှ ယနေ့တိုင် သုံးစွဲလာခဲ့သော ရုံးသုံးစာသည် မြန်မာစာဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၅) အထွေထွေပြဋ္ဌာန်းချက်များ ပုဒ်မ ၁၅၀ တွင် မြန်မာစာသည်ရုံးသုံးစာဖြစ်သည် ဟူ၍လည်း ပြဋ္ဌာန်းထားသည်။ ထို့အတူ မြန်မာနှင့်ဗမာကိုလည်းကွဲကွဲပြားပြား၊ ခွဲခွဲခြားခြား သိမှတ်နိုင်စေရန်အတွက် မြန်မာဆိုသည်မှာ တိုင်းရင်းသားလူမျိုးအားလုံးကို ကိုယ်စားပြုသော အမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုသည်မှာ ဗမာလူမျိုးတစ်မျိုးတည်းကိုသာ ကိုယ်စားပြုခြင်း မဟုတ်ဘဲ ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်ကြောင်း အကြိမ်ကြိမ် ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။
ဤသည်ကိုပင်ရောထွေးယှက်တင်၊ ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဗမာနဲ့မြန်မာဆိုတာ အတူတူပါပဲ ဟူသောစကားဖြင့် သွေးခွဲခဲ့ကြသည်။ ထို့ထက်ပို၍ ဆိုးရွားလွန်းသည်မှာ ဗမာတွေလူမျိုးကြီး ဝါဒကျင့်သုံးတယ်ဟူသော စွပ်စွဲချက်ဖြင့် သွေးခွဲလျက် ရှိသည်။ ပြည်ပမီဒီယာတို့၏ တစိုက်မတ်မတ် သွေးထိုးလှုံ့ဆော်မှုသည် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည်ကြာမြင့်စွာ တည်ရှိနေခြင်းဖြစ်သည်။
ထို့ထက်ပို၍ဆိုးရွားသော လုပ်ရပ်ကို ဖော်ပြရလျှင် ပြည်ပနိုင်ငံအချို့နှင့် မီဒီယာများ၊ ပြည်ပအကြိုက် လိုက်ပါလုပ်ဆောင် လိုသူများက တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်သည်။ တပ်မတော်အင်အား ချည့်နဲ့နေမှ ယင်းတို့စိတ်ကြိုက်မြန်မာတို့အပေါ် ပြုမူနိုင်မည်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်း ရေးရယူသွားမည်ကို အဆိုပါနိုင်ငံတို့ကမလိုလားပေ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို လွန်စွာ စိုးရိမ်သည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲသွားရေးသည် ပြည်သူလူထု၏ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ စတင်လက်မှတ်ရေးထိုးကြသည်။ ထိုအချိန်က အမှန်တကယ် လက်မှတ်ရေးထိုးရန် သဘောတူထားသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၄)ဖွဲ့ဖြစ်သည်။
ဃြဗ တွင်ပါဝင်သော အချက်များမှာလည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ ဆန္ဒများသာ ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၄)ဖွဲ့ သဘောတူပြီး (၈)ဖွဲ့သာလက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်သို့ဖြစ်ရသည်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က အပြည့်အစုံရှင်းလင်းခဲ့ပြီး ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးခါနီးတွင် NCA ကို အလျင်စလို လက်မှတ်မရေးထိုးရန် ပြောဆိုမှု ရှိခဲ့ခြင်းကြောင့် (၈)ဖွဲ့သာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ထိုသို့ပြောဆိုချက်ကို နိုင်ငံတကာမီဒီယာများတွင် ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်မှာ မြန်မာနိုင်ငံကြီးငြိမ်းချမ်းသွားမှာကို မလိုလားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ NCA စာချုပ်ဖြစ်ပေါ်လာသည်မှာ အချိန်တိုတိုအတွင်း ဖြစ်ပေါ်လာခဲ့သည်မဟုတ်ပါ။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အချုပ်အခြာအာဏာကိုထိပါးသည့်ကိစ္စနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်က ခွဲထွက်မယ့် ကိစ္စများကလွဲရင် အခြားကိစ္စရပ်များအားလုံးကို ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားကြောင်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုစဉ်ကသာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၄) ဖွဲ့လုံးက လက်မှတ်ရေးထိုးခဲ့မည်ဆိုလျှင် ငြိမ်းချမ်းရေးလမ်းကြောင်းသည် ယခုချိန်ဆိုလျှင်လွန်စွာ ခရီးပေါက်နေပြီ ဖြစ်သည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့ NCA တွင် ပါဝင်လာသည့်အတွက် စုစုပေါင်းအဖွဲ့(၁၀)ဖွဲ့ဖြစ်လာခဲ့သည်။ NCA စာချုပ်မှာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ဟု ခေါ်တွင်သော်လည်း ယင်းထက်များစွာ ကျယ်ပြန့်သည့် အဓိပ္ပာယ်ရှိသည့်စာချုပ်ဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာသဘောတူညီမှုများ၊ နိုင်ငံရေးဆိုင်ရာအာမခံချက်များ၊ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာရေး ကိစ္စရပ်များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ စသည်ဖြင့် ကျယ်ပြန့်စွာပါဝင်ပါသည်။ NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးပြီး ထိုအတိုင်းသာ ကျင့်သုံးကြမည်ဆိုလျှင် မြန်မာပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေးကြီး ပေါ်ထွန်းလာမည်ဖြစ်သည်။ သို့သော် အနှောင့်အယှက် သုံးကြိမ်မျှ ကြုံတွေ့ရသည်မှာ ဆုံးရှုံးခြင်းကို ဦးတည်လိုက်ခြင်းဖြစ်သည်။ အဆိုပါသုံးကြိမ်မှာ ၂၀၁၅ ခုနှစ် လက်မှတ်ရေးထိုးခါနီးတွင် ပုဂ္ဂလိကအမှားကြောင့် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ပထမအကြိမ်ညီလာခံတွင် မူဝါဒနှင့် လုပ်ငန်းစဉ်အမှားများကြောင့် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် တစ်ကြိမ်တို့ဖြစ်သည်။ ဤဖြစ်စဉ်များ၏ နောက်ကွယ်တွင် ပြည်ပအလိုကျလိုက်ပါ လုပ်ဆောင်မှုကြောင့် ငြိမ်းချမ်းရေးနှောင့်နှေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ခေါင်း ဆောင်များအပါအဝင် အဖွဲ့ဝင်နှစ်ဦးစီကို ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခြင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးခြင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/ SSA) အဖွဲ့မှဥက္ကဋ္ဌ ဦးယွက်စစ် ဦးဆောင်သည့်ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ မေလ ၂၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ မေလ၂၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)( KNU/KNLA-PC) မှ ဥက္ကဋ္ဌစောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ မေလ ၃၀ ရက်နေ့တွင် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)(မိုင်းလား)ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာနိုင်မှသာလျှင် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်၍မရဘဲ စဉ်ဆက်မပြတ်တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည် ဖြစ်သည့် အခြေအနေများ၊ မိမိတို့ အနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရ မည့်အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ပထမနေ့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဒုတိယနေ့နှင့်တတိယနေ့တို့တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ဆွေးနွေးကြသည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါဆွေးနွေးရန် အချက်များနှင့် ပတ်သက်၍ လည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီမှ တွေ့ရှိချက် များကိုလည်းကောင်း ညှိနှိုင်းရေးကော်မတီဝင်တစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ လာရောက်သည့်ခရီးစဉ်နှင့် နေပြည်တော်မှ ပြန်လည်ထွက်ခွာသည့် ခရီးစဉ်များတွင် ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေး ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည် ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့်စာသားပါ ဆိုင်းဘုတ်များနှင့် နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍ ကြိုဆိုကြသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ ရင်တွင်းခံစားချက် အစစ်အမှန်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်သူလူထုအပေါင်းစိတ်ချမ်းသာ ကိုယ်ချမ်းသာနေနိုင်ရေး ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားများနှင့်ပတ်သက်ပြီး နိုင်ငံတော်၏နိုင်ငံရေးအပိုင်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးသည် ဖြစ်၍ တိုင်းရင်းသား ညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေး ရရှိအောင် တည်ဆောက်လျက်ရှိသည်။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို တစ်ရက်စော၍တ ည်ဆောက်နိုင်လျှင် ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ငြိမ်းချမ်းမှုတည်ဆောက်ရေး(State Building) သာမက တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကိုပါ ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ကျကျ လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူအားလုံးတွေ့မြင်ကြပြီးဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံးငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနိုင်ရေးအတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးကြခြင်း ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်ဦးတည်၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားပြီး ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ယနေ့ကာလကဲ့သို့
ငြိမ်းချမ်းရေးဆွေးနွေးရန် အချိန်အခါကောင်းတွင် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ကာ မိမိတို့၏ဆန္ဒကိုပွင့်လင်းစွာ ဖော်ထုတ်သင့် ပါကြောင်း၊ သံသယကင်းကင်းဖြင့် ငြိမ်းချမ်းခြင်းတို့ ပေါ်ပေါက်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။
အာကာမောင်မောင်