ဘုန်းတော်ကြီးကျောင်းများသို့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၇

COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်းအခက်အခဲများ ဖြေရှင်းပေးနိုင်ရန်အတွက် ချက်ပြုတ်ရေး အဖွဲ့များ စုဖွဲ့ထားရှိပြီး ကျောင်းများအလိုက် နေ့စဉ်ဆွမ်းချက်ပြုတ် လှူဒါန်းရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့ကြောင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက် ရှိ ဆုထူးပန်ပရိယတ္တိရွှေကျင်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ပင်မဗုဒ္ဓဝါဒီကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ သိမ်ကုန်းကျောင်းတိုက်၊ နွယ်ခွေ ကျေးရွာရှိ ရွှေကျီးပင်စာသင်တိုက်၊ သန်လျင်မြို့နယ်၊ အေးမေတ္တာရပ်ကွက်ရှိ မြို့ဦး စက်ပစ်ကွင်းကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကွင်းကျေးရွာရှိ တပ်ဦးကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ရွာဦးကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးရွာရှိ ဇေတဝန်တပ်ဦးကျောင်းတိုက်နှင့် တွံတေးမြို့နယ်၊အလံအုပ်ကျေးရွာရှိ တပ်ဦး ကျောင်းတိုက်များ၌ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောင်းကြီးစုရပ်ကွက်၊ ဝေဠုဝန်ပရိ ယတ္တိစာသင်တိုက်သို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်ရှိ ရွှေရေးဆောင်ကျောင်းတိုက်သို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက လည်းကောင်း သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍လည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ချက်ပြုတ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဆွမ်းဆက်ကပ် လှူဒါန်းမှုများကို နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ တပ်မတော်မှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းမှုအပေါ် မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်၊ ရွှေရေးဆောင် ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ က ယခုကဲ့သို့ မုဒိတာပွား မေတ္တာစကားများ ပြန်လည်မိန့်ကြားသည်။

 

“ရွှေရေးဆောင်ကျောင်းတိုက်အတွင်းမှာ ရှိနေကြတဲ့ဆရာတော် သံဃာတော်အရှင်သူမြတ်များရဲ့ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မိသားစုအပေါင်းက ယခုကဲ့သို့ ဆွမ်းဆန်တော်များ၊ ဆွမ်းများဆက်ကပ် လှူဒါန်းတဲ့အတွက်ကြောင့်   ဝမ်းမြောက်နုမော်သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါတယ်။

သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များကို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းပဲ နေရာဒေသအသီးသီးမှာ ပြုစုစောင့်ရှောက်ပေးနေတာကိုလည်းပဲ ဘုန်းကြီးတို့ကြားမြင်တွေ့သိနေရပါတယ်။ ထို့အတွက်ကြောင့် အားလုံးသော တပ်မိသားစုများ ယခုကဲ့သို့နေရာဒေသ အသီးသီးမှာ သံဃာတော်အရှင်သူမြတ်များ၊ သာသနာနွယ်ဝင်သီလရှင်များကို ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပေးနေရခြင်း၊ ဆွမ်းအတွက် မပင်ပန်းရလေအောင် နေရာဒေသ အသီးသီးမှာ ခွဲဝေပြီး တော့ တာဝန်ယူကာ လှူဒါန်းနေရတဲ့ ကောင်းမှုကုသိုလ်တွေကြောင့် တပ်မိသားစုအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ”ဟု မိန့်ကြားသည်။