နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်သောအင်အားမှာ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့်ကာကွယ်ရေး အင်အားတို့ဖြစ်သည်။ ထိုအင်အားသုံးခုတို့ ဟန်ချက်ညီစွာ ရှိနေသော နိုင်ငံသည် ကမ္ဘာနှင့်ရင်ပေါင်တန်း နိုင်သောနိုင်ငံ ဖြစ်ပေမည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အင်အားကြီးနိုင်ငံများကို ကြည့်လိုက်လျှင် အဆိုပါ အင်အားသုံးရပ် ရှိနေကြောင်း တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်ပေရာ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံသို့၊ ထိုမှတစ်ဆင့် အင်အားကြီးသော နိုင်ငံအဖြစ်သို့ရောက်အောင် ကြိုးစားရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သော စစ်ရေးနည်း တစ်ခုတည်းဖြင့် ကျူးကျော်သိမ်းပိုက်ခြင်းမျိုး မဟုတ်တော့ဘဲ သမားရိုးကျမဟုတ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေးအစရှိသောနည်းလမ်းများဖြင့် ကျူးကျော်လျက် ရှိသည်။ ဤသည်ကိုခေတ်သစ်စစ်ပွဲဟုသတ်မှတ်နိုင်သည်။ ခေတ်သစ်စစ်ပွဲကို အောင်နိုင်ရန်အတွက် သတင်း ဆက်သွယ်ရေး နည်းပညာများ၊ အီလက်ထရွန်နစ်နည်းပညာများ၊ စက်မှုနည်းပညာများကို မြန်မာလူငယ်တို့ အဆင့်မီ သင်ကြားလေ့ကျင့်ထားရမည် ဖြစ်သည်။
အထူးသဖြင့် နိုင်ငံတော်ကာကွယ်ရေးအင်အားမြင့်မားရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သား များသည် နည်းပညာများနှင့်လိုက်လျောညီထွေပြောင်းလဲနေသော စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို လေ့လာနေကြရမည် ဖြစ်သည်။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တည်ဆောက်ရေး ရည်မှန်းချက် ပြည့်မီရန်အတွက် တပ်မတော်သားတို့သည် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ၊ နည်းပညာများနှင့် ပေါင်းစပ်ပြီး နိုင်ငံတော်ကို ကာကွယ်ကြရမည်ဖြစ်သည်။
တပ်မတော်သားများသည် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာစောင့်သိရမည့်သူများဖြစ်သည်။
တိုင်းပြည်နှင့်လူမျိုးအတွက် သစ္စာလေးချက်ကိုဦးထိပ်ပန်ဆင်ထားသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသည်။ နိုင်ငံတော်ကာကွယ်ရေးမှာ အနိမ့်ဆုံးအဆင့်ပြည်သူလူထုကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ကာကွယ်ရန် ဖြစ်သည်။ အမျိုးသားရေးတာဝန်ဆိုသည်မှာ ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။
တပ်မတော်သို့ဝင်ရောက်လာကြသူလူငယ်မောင်မယ်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒနှင့်အညီ နိုင်ငံ့တာဝန် ထမ်းဆောင်ခြင်းဖြစ်၍ မွန်မြတ်သော စိတ်ဓာတ်ရှိသူများ ဖြစ်ကြသည်။ တပ်မတော်သားဘဝကို ဂုဏ်ယူပြီး စစ်သားကောင်းတစ်ယောက်၊ စစ်သမီးကောင်းတစ်ယောက်ပီသစွာနေထိုင်ကာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်၍ မျိုးဆက်သစ်လူငယ်တိုင်း အတုယူသင့်သည်။ ကျန်းမာသန်စွမ်းသော လူငယ်တိုင်း နိုင်ငံတော်ကို ကာကွယ်ကြရမည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သင့်ကြသည်။
နိုင်ငံ့အင်အားသုံးရပ်တွင် လူငယ်တိုင်းစွမ်းဆောင်နိုင်သည်မှာ ကာကွယ်ရေးအင်အားဖြစ်သည်။ ကာကွယ်ရေး အင်အားတောင့်တင်းနိုင်ရေးမှာ တပ်မတော်သားတိုင်းစိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ စည်းလုံးမှုစွမ်းရည် သုံးရပ်ပြည့်စုံမှုဟူသော အခြေခံအရည်အချင်းငါးပါးနှင့်ပြည့်စုံနေရမည်ဖြစ်သည်။ ထိုအရည်အချင်းငါးပါး၏ အနှစ်ချုပ်သည် စည်းကမ်းဖြစ်သည်။ စည်းကမ်းကောင်းမွန်မည်၊ စည်းကမ်းလိုက်နာမည် ဆိုလျှင် ကျန်သည့် အရည်အချင်းများသည် ဖြည့်ဆည်းရန် ခက်ခဲနေမည် မဟုတ်တော့ပေ။ တပ်မတော်သားမှန်သမျှတို့မှာ စစ်ဘက်ဥပဒေနှင့်နယ်ဘက်ဥပဒေများကို လိုက်နာကြရသူများဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဒို့တပ်မတော်သားတစ်ဦးချင်းကအစ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကာ စည်းကမ်းကောင်းတဲ့ တပ်မတော်၊ စည်းကမ်းရှိတဲ့အဖွဲ့အစည်း၊ စည်းကမ်းအရာမှာ စံနမူနာပြဖြစ်တဲ့ အဖွဲ့အစည်းအဖြစ် တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းသွားကြရမှာဖြစ်တယ်။ တပ်မတော်ကောင်း တစ်ရပ်ဖြစ်ဖို့အတွက် စစ်သားကောင်းများနဲ့ ခေါင်းဆောင်ကောင်းများကို ပေါင်းစပ် ဖွဲ့စည်းထားဖို့ လိုအပ်တယ်။
စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စစ်စည်းကမ်းကောင်းမွန်ဖို့ လိုအပ်ပြီး စစ်စည်းကမ်းကောင်းမွန်မှသာ အမိန့်နာခံတတ်မှုလည်း ရှိလာမှာဖြစ်တယ် ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် အသိပညာ၊ အတတ်ပညာများပြည့်ဝပြီး အတွေ့အကြုံများကို အတွေးအခေါ်ကောင်းများနှင့် ပေါင်းစပ်အသုံးချနိုင်စေရန် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့် အညီနေထိုင်ကြရသည်။ ထို့အတူ လက်အောက်ငယ်သားများ အနေဖြင့်လည်း ဆုံးမနာယူလွယ်တတ်သူ အဖြစ်လည်းကောင်း၊ အထက်ကပေးအပ်သောတာဝန်ကို ကြည်သာရွှင်ပျစွာ ကျေပွန်အောင်ထမ်းဆောင်သူ အဖြစ်လည်းကောင်း လေ့ကျင့်နေထိုင်ကြရသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို စွမ်းအားပြည့်ထမ်းဆောင်နိုင်ရေးအလေးထားလုပ်ဆောင်နေသည်မှာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်ကြောင့်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။