COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ် သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၇

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှ စတင်လက်ခံ၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့လက်ခံ ကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၂၀၂ ပါး၊ အရပ်သား ၇ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၁၄၉ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာ့နွယ်ဝင် သီလရှင် ၃၈ ပါး နှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၇၃၉ ဦးတို့ကို အသီးသီး လက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ တပ်မတော်က နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာနှင့် နေထိုင်စားသောက်မှုများဆောင်ရွက်ပေးနေသူတို့၏ ရင်တွင်း စကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-

အဆောင်မှာအဆောင်မှူးတွေကို သူတို့က ကျွန်တော်တို့ စဝင်ကတည်းက   သတ်မှတ်ပေးထားတယ်။ အဲဒီအဆောင်မှူးတွေက တစ်ဆင့် ဒီမှာဖြစ်နေတဲ့ လူနာတွေအခြေ အနေတွေကို ကျွန်တော်တို့က တင်ပြရပါတယ်။ နေမကောင်းဘူးဆိုရင် အရေးပေါ်အခြေအနေဆိုရင်တော့ သူတို့လာခေါ်ပေးပါတယ်။   ရိုးရိုးနေမကောင်းဘူးဆိုရင် ကျွန်တော်တို့က Viber ကနေ ဒါမှမဟုတ် ဖုန်းဆက်ပြီးတော့ အကြောင်းကြားပေးတယ်။

အကြောင်းကြားပြီးရင် လိုအပ်မယ့်ဆေးတွေ လာပေးတယ်။ ကျွန်တော်တို့ ဒီမှာနေရတာ လွတ်လပ်ပါတယ်။ ကျွန်တော်တို့ကို ခုလိုအစစအရာရာ အဆင်ပြေအောင် ကူညီစောင့်ရှောက်ပေးတဲ့ တပ်မတော်အကြီးအကဲများနှင့်တကွ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးတဲ့   တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ ကျွန်တော်တို့ရဲ့စားရေး သောက်ရေးကို အစစအရာရာ အဆင်ပြေအောင်ကျွေးမွေးတဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်ဟု ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသားတစ်ဦးက ပြောသည်။

တာဝန်တစ်ရပ်ကို ထမ်းဆောင်နေရတယ် ဆိုတာထက် တပ်မတော်သားတစ်ဦးအနေနဲ့ ပြည်သူအပေါ်ကို ပေးဆပ်လိုတဲ့ စိတ်နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ တပ်မတော်သားဆိုတာကလည်း ပြည်သူကြားက ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ပြည်သူလူထုကို ကိုယ့်မိသားစုသဖွယ် သဘောထားပြီး အတတ်နိုင်ဆုံး လိုအပ်ချက်မရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ  လူ့အသက်ထက် တန်ဖိုးကြီးတဲ့ အရာဘာမှမရှိပါဘူး။ ဒါကြောင့် COVID-19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ကုသရေး ဆိုင်ရာလုပ်ငန်းများကို အမျိုးသားရေးအဖြစ် ခံယူပြီး နယ်ဘက်ဝန်ကြီးဌာနများ၊ ပြည်သူလူထုများနဲ့ပူးပေါင်းပြီး  ဟန်ချက်ညီညီထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပိုးတွေ့လူနာနဲ့သံသယလူနာတွေကို ချက်ပြုတ်ကျွေးမွေးနေရတဲ့  အရာရှိ၊ စစ်သည်တွေ အနေနဲ့   နေ့မအား ညမနား ပူးပေါင်းပြီး ဆောင်ရွက်နေရတဲ့အတွက် ပင်ပန်းမှုတွေ အထိုက်အလျောက်တော့ ရှိပါတယ်။ ဒါပေမဲ့လူနာတွေဆီကနေ  ကောင်းတယ်ဆိုတဲ့ အသံပြန်ကြားရတဲ့အခါမှာတော့ ပင်ပန်းမှုတွေပြေပျောက်ပြီး ပီတိတွေဖြစ်ရပါတယ်ဟု ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေး ဆောင်ရွက်ပေးနေသူဒုတိယဗိုလ်မှူးကြီးခင်စိုး  (ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း)ကပြောသည်။