စီးပွားရေးမောင်းနှင်အားမြှင့်တင်

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို လေ့လာကြည့်လျှင် ကိုဗစ်-၁၉ ရောဂါကို ကြာရှည် ရင်ဆိုင် ကြုံတွေ့နေရပြီး စီးပွားရေးတိုးတက်မှု နှောင့်နှေးလျက်ရှိသည်။ မီးခိုးမထွက်သောစီးပွားရေးလုပ်ငန်းဖြစ်သည့် ခရီးသွားလုပ်ငန်းများသည်လည်း အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ရသည့်အတွက် အဆိုပါ လုပ်ငန်းကို အားကိုးနေသည့် နိုင်ငံများအဖို့ ပိုမိုဆိုးရွားစွာ ကြုံတွေ့နေရသည်။ နိုင်ငံအချို့တွင် အငတ်ဘေးကြုံတွေ့ နေရကြောင်း နိုင်ငံတကာသတင်းများတွင်ဖတ်လိုက်ရသည်။ ပဋိပက္ခအမျိုးမျိုး၊ ရောဂါဘေးအန္တရာယ် အသွယ်သွယ်ကြုံတွေ့နေ ကြရသော်လည်း မိမိနိုင်ငံ၏ စီးပွားရေးကို တိုးတက်လာအောင် ကြိုးပမ်း လုပ်ကိုင်နေကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မည်သို့သော အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရပါစေ နိုင်ငံသူနိုင်ငံသားများ ဘဝရှင်သန်ရပ်တည်ရေးအတွက် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေ ရှိနေသည်ဖြစ်စေ စီးပွားရေးလည်ပတ်မှုကောင်းမွန်မှသာ ပြည်သူများဘ၀ ရပ်တည် ရှင်သန်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံသည် မိရိုးဖလာရှေး အစဉ်အဆက်မှ ယနေ့တိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများကိုလုပ်ကိုင်နေသည့်အတွက် မြန်မာနိုင်ငံတွင် ငတ်မွတ်သည့် ဘေးမရှိခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ရာသီဥတုကောင်းမွန်လျှင်ကောင်းမွန်သည့်အလျောက် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းသည်။ မြေကြီးကရွှေသီးသည့်ပမာ မိမိတို့လုပ်အားဖြင့်ရလာသောငွေကြေးဖြင့် အလှူဒါနများ ပြုလုပ်လေ့ ရှိကြသည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင် အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အားသုံးမျိုးရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှု ရှိပါက နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါက ကာကွယ်ရေး အင်အားကောင်းမွန်မည် ဖြစ်ကြောင်း၊ ၎င်းအင်အားနှစ်ခု ကောင်းမွန်ရန်အတွက် အခြေခံမှာ စီးပွားရေး အင်အားဖြစ်၍ စီးပွားရေး မောင်းနှင်အားသည် တိုင်းပြည်အတွက် အဓိကကျကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်းမှ သွေဖည်ရန် ကြံဆောင် သူများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်အဖြစ်  တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဟူသည့် အချက်နှစ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ လူတိုင်းအသက်ရှင် နေထိုင်ရန်အတွက် စားရေရိက္ခာသည် မရှိမဖြစ်အရာ ဖြစ်သည်။ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် အောင်မြင်စေရန်အတွက် စီးပွားရေး တိုးတက်ကောင်းမွန် လာရေးသည် အဓိကကျသည့် အချက်ဖြစ်ပေရာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝ အခြေခံကောင်းများ ရှိသည့်ရေခံ၊ မြေခံကောင်းမွန်သောနိုင်ငံ ဖြစ်သည်။

သို့သော် တိုင်းပြည်တွင် ကိုဗစ်-၁၉ ရောဂါကျရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခများရှိနေမှု စသည်ဖြင့် အခက်အခဲ အမျိုးမျိုးကြောင့် တိုင်းပြည်စီးပွားရေးမှာ တိုးတက်သင့်သလောက်မတိုးတက်ဘဲရှိနေခြင်း ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ရှိရင်းစွဲ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီနည်းပညာများပေါင်းစပ်ပြီး ကုန်ထုတ်လုပ်မှု တိုးတက်အောင် လုပ်ဆောင်ခြင်း၊ ဈေးကွက်ဝင်သီးနှံများ ဖြစ်အောင် လုပ်ဆောင်ခြင်းတို့ ဆောင်ရွက်နိုင်မည် ဆိုပါက စီးပွားရေးတိုးတက်မှု နှုန်းမြင့်မားလာမည် ဖြစ်သည်။ တိုင်းပြည်စီးပွားရေး ဦးမော့လာစေရေးအတွက် မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ ခရိုင်အဆင့်မှ တိုင်းနှင့် ပြည်နယ်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ တိုးတက်လာအောင် စီမံကိန်းအမျိုးမျိုးဖြင့် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ကြမည် ဆိုလျှင်   ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

လယ်ယာဦးကြီး များအနေဖြင့် မိမိတို့၏သီးနှံများအထွက်နှုန်းတိုးရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ခေတ်မီနည်းစနစ်များဖြင့် ထွန်ယက်စိုက်ပျိုး ထုတ်လုပ်ရေး၊ သီးထပ်သီးညှပ်၊ နှစ်သီး၊ သုံးသီး စိုက်ပျိုးထုတ် လုပ်ရေး၊ စပါးပြီးလျှင် ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံသီးနှံအမျိုးမျိုးတို့ကို တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်အောင်၊ ပံ့ပိုးဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးတွင် လျှပ်စစ်စွမ်းအားအပြည့်အဝရရှိရေးသည်လည်းအရေးကြီးသဖြင့် နိုင်ငံတော်အစိုးရက လျှပ်စစ်ဓာတ်အားတိုး တက်ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေး ကောင်းမွန်ရေးသည် အဓိကကျသော အချက်ဖြစ်၍ နိုင်ငံ့စီးပွားရေး မောင်းနှင်အားကို မြှင့်တင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။