ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုအတွက် ဈေးနှုန်းတွေကို ဆယ်စုနှစ်များစွာအတွင်း မကြားဖူးတဲ့ ပမာဏအထိ တိုးမြှင့်လိုက်ရပါတယ်။ ပြောရရင် ကုန်ဈေးနှုန်းတက်သွားတယ်ပေါ့။
ဒီလိုမျိုးကုန်ဈေးနှုန်းတက်မှုဒဏ်ကို အဆိုးဆုံးခံစားရတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံ ရှိပါတယ်။ အဲဒီနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုပါပဲ။
ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်နိုင်ငံအတွက် တစ်နှစ်လုံးအတိုင်းအတာ အနေနဲ့ နှစ်စဉ်ကုန်ဈေးနှုန်းတက်မှုနှုန်းက ၄ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။
ဒီပမာဏဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးခုနစ်နိုင်ငံအနက် အမေရိကန်နိုင်ငံက တခြားနိုင်ငံတွေထက် နှစ်စဉ်ကုန် ဈေးနှုန်းတက်မှုနှုန်း အမြန်ဆုံးဖြစ်လာ တာကိုဖော်ပြနေပါတယ်။
အခု ဒီနှစ်ရဲ့ပြီးခဲ့တဲ့မေလမှာတော့ အမေရိကန်နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းမြင့်တက်မှု တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းက ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိလာပါပြီ။
ဒီပမာဏဟာ အမေရိကန်နိုင်ငံကို ကမ္ဘာပေါ်မှာ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး စာရင်းဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သွားစေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကတရားခံတွေက ကိုဗစ်ကြောင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေမှာ အဟန့်အတားအနှောင့်အယှက်တွေ့မှု၊ ပြင်းထန်တဲ့မုန်တိုင်းတွေ တိုက်ခတ်ကာ မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်စီးမှုနဲ့ သူတို့ကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုတို့ပါပဲ။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလမှာ အစိုးရက ငွေကြေးတွေထုတ်ပေးပြီး စီးပွားရေးကို နှိုးဆွခြင်းနဲ့ ရောင်းလိုအား ကန့်သတ်ချက်ရှိခြင်းတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။
အစိုးရက ကပ်ရောဂါကာလအတွင်း ရပ်ဆိုင်းနေတဲ့ စီးပွားရေးကို နှိုးဆွဖို့အတွက် ပြည်သူတွေကို ထောက်ပံ့ကြေးတွေ ထုတ်ပေးလိုက်ချိန်မှာ ပြည်သူတွေကလည်း ကုန်ပစ္စည်းတွေကို တစ်ခဲနက် ဝယ်ယူကြပါတယ်။
တစ်ဖက်ကလည်း ကိုဗစ်ကြောင့် စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက် ရောင်းလိုအားကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။
ဒီအချိန်မှာ အစိုးရက ငွေကြေးထောက်ပံ့ပေးထားမှုကနေ ဖြစ်ပေါ်လာတဲ့ မကြုံစဖူးဝယ်လိုအား မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရပါတယ်။
ဒီနှစ်အတွက် ငွေကြေးဖောင်းပွမှုကိုဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ။ အားလုံးသိပြီးသား ဖြစ်တဲ့အတိုင်းပဲ လောင်စာဆီဈေး မြင့်တက်မှုကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတဲ့အတွက် ဖြစ်ပါတယ်။
ဒီကနေ့ အမေရိကန်နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်းဟာ ဒီနေ့ဒီအချိန်အထိတော့ တကယ့်ကို စံချိန်တင်လောက်ပါတယ်။ ဘယ်လောက်အထိအောင်လဲဆိုရင် နှစ်ပေါင်း ၄၀ အတွင်း အမြင့်မားဆုံးသော ငွေကြေးဖောင်းပွမှုနှုန်းဖြစ်လာတဲ့ အထိပါပဲ။
စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ လေယာဉ်လက်မှတ်ဈေးနှုန်းက ၁၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ကာ စားသောက်ကုန် ဈေးနှုန်းကလည်း ၁၉၇၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၁၁ ဒသမ ၉ ရာခိုင်နှုန်းတိုးမြင့်လာတာကို တွေ့ရပါတယ်။ ဒီနှုန်းထားတွေဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင်တော့ ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတဲ့ အရာတွေချည်းပါပဲ။
ဒီတော့ စက်သုံးဆီဈေးနှုန်းက ဘယ်လောက်အထိ မြင့်တက်လာလဲလို့မေးရင် မေလအတွင်း အမေရိကန် နိုင်ငံတစ်ဝန်း ပျမ်းမျှဓာတ်ဆီဈေးနှုန်းဟာ ၁ ဂါလန်ကို ၅ ဒေါ်လာအထက်အထိ ရောက်ရှိခဲ့တာကို အံ့အားသင့်စွာ မြင်တွေ့ရပါတယ်။
အဲဒီပမာဏဟာ မြန်မာငွေနဲ့ပြန်တွက်ရင် ၁ ဂါလန်ကို ၉၂၅၀ ရှိပါတယ်။ ဒါတောင်မှ အမေရိကန်စံနှုန်း ဂါလန်ဖြစ်တဲ့အတွက် လီတာပြန်ဖွဲ့ရင် ၃ ဒသမ ၇ လီတာသာရှိတာကြောင့် ဓာတ်ဆီ ၁ လီတာဈေးနှုန်းဟာ ၂၄၈၆ ကျပ်ကျော် ကျသင့်နေတာကို တွေ့ရမှာပါ။
ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့နဲ့ဆက်စပ်နေတဲ့ စိုးရိမ်စရာအခြေအနေကတော့ စီးပွားရေး ကျဆင်းခြင်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၈ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့ ပြောခဲ့ပြီးပါပြီ။ ဒီလိုငွေကြေး မဖောင်းပွအောင် အမေရိကန် ဗဟိုဘဏ်က ဘာမှမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်။
တကယ်တော့ အမေရိကန်ဗဟိုဘဏ်က အဲဒီမတိုင်ခင်ကတည်းက ငွေကြေးဖောင်းပွမှု မရှိရလေအောင် လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ အဲဒါကတော့ ဘဏ်အတိုးနှုန်းကို နှစ်ကြိမ်တိုင်တိုင် တိုးမြှင့်လိုက်ခြင်းပါပဲ။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုအပေါ် သိသာတဲ့ ရလဒ်မထွက်ပေါ်လာစေပါဘူး။
ဒီတစ်ကြိမ်မှာတော့ ကျွမ်းကျင်ပညာရှင်များဆီက သတိပေးအသံတွေ ထွက်ပေါ်လာပါပြီ။ သူတို့သတိပေးထားတဲ့ အကြောင်းအရာကတော့ အမေရိကန် နိုင်ငံအနေနဲ့ စီးပွားရေးကျဆင်းတော့မယ် ဆိုတာပါပဲ။
တစ်ချိန်တည်းမှာပဲ ဗဟိုဘဏ်က ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို သိသိရက်နဲ့ ရက်စက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ပြင်ဆင်နေပါတယ်။ အဲဒါကတော့ ဘဏ်အတိုးနှုန်းကို ထပ်မံတိုးမြှင့်ဖို့ ဖြစ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဒီလိုသာအမှန်တကယ်ဆုံးဖြတ်ခဲ့ရင်တော့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ ရပ်ဆိုင်းလု နီးပါးဖြစ်ပြီး စီးပွားရေး ကျဆင်းခြင်းထက်ပိုတဲ့ စီးပွားရေးကျုံ့ခြင်းနဲ့ ရင်ဆိုင်ရနိုင်ခြေများ နေတယ်လို့ စီးပွားရေး ပညာရှင်များက အထူးသတိပေးထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး Financial Times သတင်းဌာနက အမေရိကန်စီးပွားရေး ကျွမ်းကျင်ပညာရှင် ၄၉ ဦးနဲ့တွေ့ဆုံမေးမြန်းသုတေသနလုပ်ဆောင်ခဲ့ရာမှာတော့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုဟာ လာမယ့်
နှစ်မှာဖြစ်လိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်ကိုပဲကြားခဲ့ရပါတယ်။
လက်ရှိမှာတော့ အမေရိကန်အနေနဲ့ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတယ်လို့ တရားဝင်မကြေညာ နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် ဘဏ္ဍာရေး သုံးလပတ်နှစ်ခုဆက်တိုက် စီးပွားရေးလုပ်ဆောင်မှု သိသိသာသာ ကျဆင်းမှသာ စီးပွားရေး ကျဆင်းတယ်လို့ ဆိုနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ပထမသုံးလပတ် စီးပွားရေး အခြေအနေကို သိနိုင်တဲ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ကတော့ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းထားပြီးပါပြီ။
ဒုတိယသုံးလပတ်အတွက် GDP ကိုတော့ အမေရိကန် အမျိုးသားစီးပွားရေး သုတေသနဗျူရိုက စက်တင်ဘာလ နှောင်းပိုင်းမှာ ကြေညာမှာပါ။ အဲဒီအခါကျမှ အမေရိကန် အနေနဲ့ စီးပွားရေးကျဆင်းနေပြီလား ဆိုတာကို တရားဝင်သိရမှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်းသုတေသနပြုမှုမှာပါဝင်တဲ့ စီးပွားရေးပညာရှင် ၇၀ ရာခိုင်နှုန်းနီးပါးက အမေရိကန်နိုင်ငံအနေနဲ့ စီးပွားရေး ကျဆင်းနေကြောင်းကို အမျိုးသား စီးပွားရေးသုတေသနဗျူရိုက လာမယ့်နှစ် တစ်ချိန်ချိန်မှာ ထုတ်ဖော်ပြောလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီ ၇၀ ရာခိုင်နှုန်းထဲကမှ ၃၈ ရာခိုင်နှုန်းက ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံအနေနဲ့ စီးပွားရေး ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး ၃၀ ရာခိုင်နှုန်းကတော့ ဒုတိယနှစ်ဝက်မှာ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်မယ်လို့ သုံးသပ်ထားပါတယ်။
ဒါပေမဲ့ ကျန်ရှိနေသူတွေအနက် တစ်ဦးတည်းသော စီးပွားရေးပညာရှင်က နိုင်ငံအနေနဲ့ဒီနှစ်အတွင်းမှာပဲ စီးပွားရေးကျဆင်းမှုနဲ့ ကြုံရလိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားသလို တခြား ၃၀ ရာခိုင်နှုန်းကတော့ ၂၀၂၄ ခုနှစ်မတိုင်မီအထိ စီးပွားရေးကျုံ့မှုမဖြစ်ပေါ်နိုင်ဘူးလို့ ဆိုထားပါတယ်။
ဒါကြောင့် အားလုံးခြုံငုံသုံးသပ်ရမယ်ဆိုရင် အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ပထမသုံးလပတ်အတွင်း ွီဏ ကျဆင်းမှုနဲ့ တွေ့ကြုံ ထားရပါတယ်။
ဒုတိယသုံးလပတ်အတွက်အကျုံးဝင်တဲ့ မေလမှာ ဆိုရင်လည်း ငွေကြေးဖောင်းပွမှုက ၈ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အပြင် ကုန်ဈေးနှုန်း တွေကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်တာကိုတွေ့ရတာကြောင့် ဒုတိယသုံးလပတ်မှာလည်း GDP ဆက်လက်ကျဆင်းနိုင်ပါတယ်။
ဒါဆိုရင် သုံးလပတ်နှစ်ကြိမ်ဆက်တိုက် GDP ကျဆင်းလာတာကြောင့် အမေရိကန်နိုင်ငံဟာ ဒီနှစ်မကုန်ခင်မှာပဲ စီးပွားရေးကျဆင်းမှုနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီလိုမျိုးတွေမဖြစ်လာစေဖို့ဆိုရင်တော့ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အမေရိကန် နိုင်ငံဟာ စီးပွားရေး ကျဆင်းမှုနဲ့ မလွဲမသွေရင်ဆိုင်ရတော့မှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
Ref: Financial Times