တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ၌ ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော်တန်ဖိုးရှိ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများနှင့် စားသောက်ကုန် ပစ္စည်းများ ရောင်းချနိုင်ခဲ့

နေပြည်တော်၊ အောက်တိုဘာ - ၇

တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာ များနှင့် စားသောက်ကုန်ပစ္စည်းများကို ယခင်ကပင် ရောင်းချပေးလျက်ရှိသည်။

ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်း၌ Covid-19 ရောဂါဖြစ်ပွားလျက်ရှိပြီး အဆိုပါရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသည် အမျိုးသားရေး ကိစ္စဖြစ်၍ တပ်မတော်အနေဖြင့် တိုင်းပြည် အတွက် လုပ်သင့်လုပ်ထိုက်သည်များအား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရေရှည် ဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ ပြည်သူများ၏ စားရေးကိစ္စ လိုအပ်ချက် ဖြစ်ပေါ်လာပါက ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်စဉ်းစား ထားရမည်ဖြစ်ကြောင်း၊ ကိုယ်ခံအားကောင်းစေရန်အတွက် သာမန်လူတစ်ဦး လိုအပ်သည့် ကယ်လိုရီအတွက် စနစ်တကျ တွက်ချက်၍ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများအား အရင်းအတိုင်း ရောင်းချပေးနိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေဆောင်ရွက်ပေးရန် လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သဖြင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန် အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလဆန်းမှစ၍ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် အခြားနေရာများ၌ တပ်မတော်သား မိသားစုဝင်များ၏ တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ထပ်မံရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံပေါင်း ၃၀၆ ရုံတို့၌ ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်မတော် သားများနှင့် မိသားစုဝင်များက တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၅၀၀ ကျော်တန်ဖိုးရှိ တန်ဖိုးသင့် ထမင်း၊ ဟင်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ၃၉၅၁ ကြိမ် ရောင်းချပေးနိုင်ခဲ့သည်။

ယင်းသို့ တပ်မတော်မှ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် ပြည်သူများ၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ရပါတယ်-

''ဒီနေ့ဆေးရုံကို လူမမာလာမေးတော့ ပြင်ဦးလွင်တပ်နယ်ကနေပြီးတော့  ဒီတန်ဖိုးသင့်ထမင်း၊   ဟင်းရောင်းပေးတာတွေ့လို့ ကျွန်တော်ဝယ်ပြီး အားပေးပါတယ်။ ကျေလည်းကျေနပ်ပါတယ်။    ထမင်း၊ ဟင်းတစ်ပွဲမှ ၄ဝဝ တည်းဆိုတော့လေ အရမ်းကိုတန်ပါတယ်။

ကျွန်တော်တို့အပြင်မှာ လက်ဖက်ရည်ဖိုး၊  မုန့်ဖိုးလေးလောက်တောင်မှ မရှိပါဘူး။ အဲ့ဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုချိန်ဒီကာလမှာ ကျွန်တော်တို့  လတော်တော်ကြာကြာ    ခြောက်လကျော်လောက် လုပ်ငန်းကိုင်ငန်းတွေ ပျက်တယ်။ လုပ်ငန်းကိုင်ငန်းတွေ ပိတ်ထားရတယ်။    ဆိုင်တွေ ပိတ်ထားရတယ်။ လုပ်ငန်းတွေရပ်ထားရတယ်။ ကျွန်တော်တို့အလုပ်တွေမရှိဘူး။ အလုပ်မရှိတော့ ဝင်ငွေလည်းမရှိဘူး။ ဝင်ငွေမရှိတဲ့အခါမှာ ခုလို သက်သက်သာသာလေးနဲ့ တန်ဖိုးသင့်လေးရောင်းပေးတာကို အရမ်းကျေးဇူးတင်ပါတယ်။ အထူးသဖြင့် တပ်မတော်ရော၊ ဒီပြင်ဦးလွင် တပ်နယ်ရော လှူဒါန်းပေးတဲ့သူတွေ၊ စီစဉ်ပေးတဲ့သူတွေ၊ ချက်ပြုတ်ပေးတဲ့သူတွေ နောက်ဆုံး သပ်သပ်ရပ်ရပ်နဲ့   အကြော်အလှော်လေးကအစ စနစ်တကျလေး အိတ်ကလေးတွေနဲ့ထည့်ပြီးတော့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး လုပ်ပေးထားတယ်။ အဲ့လိုလုပ်ပေးတဲ့ စီစဉ်တဲ့သူတွေရော ဆောင်ရွက်ပေးတဲ့သူ အားလုံးကိုကျေးဇူးတင်ပါတယ်''ဟု တန်ဖိုးသင့် ထမင်း၊ ဟင်း လာရောက်ဝယ်ယူသူ အမျိုးသားတစ်ဦးကပြောသည်။

''ကျွန်မသားက ဆေးရုံတက်နေတာပါ။ခုလိုသက်သာချောင်ချိရေး ရောင်းပေးတော့ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတက်တဲ့အချိန်မှာ အခက်အခဲဖြစ်နေတာဆိုတော့လေ   ရောင်းပေးတာဝမ်းသာပါတယ်''  ဟု တန်ဖိုးသင့် ထမင်း၊ ဟင်း လာရောက်ဝယ်ယူသူ အမျိုးသမီး တစ်ဦးကပြောသည်။