ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၇

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေး အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းမှစတင်၍ တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများသို့ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။

 ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၁၅ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်နှင့် အခြားဘာသာရေး ကျောင်း ၁၇ ကျောင်းသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းကြသည်။    

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊  ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် သထုံမြို့၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နှင့် ဘုတ်ပြင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်နှင့် မုံရွာမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။