PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၈

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ အင်္ဂဘိုအခြေခံပညာအထက်တန်းကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ ၃ ထပ်စာသင်ဆောင်၏ နောက်ကျောဘက်၊ ကျောင်းဝင်း၏ အပြင်ဘက်တွင် လက်လုပ်အသံမိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် စာသင်ဆောင်၏ မျက်နှာကျက် ၂ ချပ် နှင့် တံခါးမှန် ၂ ချပ်တို့ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် နယ်မြေ(၁)ရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲ အဝင်ပေါက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က “အလက(ခွဲ)မှ ဆရာမ ၂ ဦးအား လုံခြုံရေးသတိ ပေးခြင်း၊ ကျောင်းသား/သူ၊ မိဘများ နေရာရှင်းပြီး လွတ်လပ်စွာ နေပေးပါရန် မေတ္တာ ရပ်ခံပါသည်၊ ဦးတည်ရာ ဆရာမ ၂ ဦးသို့၊ နေပြည်တော် PDF ကျားညီနောင်" ဟု ရေးသားထားသည့် ခြိမ်းခြောက်စာ ၁ စောင်အား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရှင်းလင်းခဲ့ ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ဧရာ၀တီတိုင်း ဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ပိုက်တန်းကျေးရွာရှိ ပိုက်တန်းအခြေခံပညာမူလတန်းကျောင်းအဝင် ခြံစည်းရိုးသံတံခါးကြား၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ ခြံစည်းရိုးသံတံခါးကြားတွင် ညှပ်ထားသည့် ဗလာ စာရွက်ပေါ်တွင် “ကျောင်းဆရာ/ဆရာမတွေ တစ်ယောက်ချင်းစီ သတ်ပစ်မယ်၊ အခုကျောင်းကို ပိတ်ပစ်ပါ၊ မပိတ်ရင် ကျောင်းသားအားလုံးကို သတ်ပစ်မယ် PDF”ဟု စာသားများပါရှိသည့် ခြိမ်းခြောက်စာ ၁ စောင်အား တွေ့ရှိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေး ငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်း ရရှိသည်။