စီးပွားရေးပြန်လည်တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန်ကြိုးပမ်းနေသည့် ထိုင်းနိုင်ငံ

စီးပွားရေးပြန်လည်တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန်ကြိုးပမ်းနေသည့် ထိုင်းနိုင်ငံ

ထိုင်းအစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်  ထိခိုက်ခဲ့ရသည့်  နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်လာစေရေး ရောဂါကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ဖြေလျှော့ပေးရန် စီစဉ်လျက်ရှိသည်။

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းအပေါ် များစွာအမှီသဟဲပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံအတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများ ပြန်လည်အသက်ဝင်လာစေရေးအတွက် ဘားဆိုင်များ၊ စားသောက်ဆိုင်များနှင့် တခြားဖျော်ဖြေရေး လုပ်ငန်းများ အပြည့်အဝပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုမည့်အလားအလာရှိသည်။

သို့ရာတွင် အဆိုပါဘားဆိုင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် ဒေသတွင်းချမှတ်ထားသည့် ရောဂါကူးစက်မှု ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်သည်။ရောဂါကူးစက်ပျံ့နှံ့မှုကြောင့်    စားသောက် ဆိုင်များနှင့် ဘားဆိုင်များအား သန်းခေါင်ယံအထိသာ ဖွင့်လှစ်ခွင့်ပြုထားသည့်ထုတ်ပြန်ချက်ကို နိုင်ငံ၏တစ်ခုတည်း သော ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေး အထူးတာဝန်အဖွဲ့က ပြန်လည်သုံးသပ်လျက်ရှိကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကျန်းမာရေး ဝန်ကြီးလည်းဖြစ်သည့် အာနုတင်ချန်ဗီရာကုက ပြောသည်။

ထိုင်းအစိုးရသည် နိုင်ငံအတွင်း ရောဂါကူးစက်မှုနှုန်း လျော့ကျလာခြင်းကြောင့် ယခင်က ချမှတ်ထားသည့် ရောဂါကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပြီး  ယခုနှစ်အတွင်းမှာပင်   နိုင်ငံအတွင်းသို့   ပြည်ပခရီးသွား  ငါးသန်းမှ ၁၅ သန်းအထိ ဝင်ရောက်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားများ   ဝင်ရောက်လာခြင်း အပေါ် ချမှတ်ထားသည့်ကန့်သတ်ချက်များကို မေလအစောပိုင်းမှစ၍ ပြန်လည်ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။   အဓိက ရည်မှန်းချက်မှာ အထိနာခဲ့ရသည့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေသည် နိုင်ငံ့ဂျီဒီပီ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိသောကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်လာခြင်းသည်  တစ်နည်းအားဖြင့်  နိုင်ငံ့စီးပွားရေး တိုးတက်စေရန် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

ထိုင်းအစိုးရသည် နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပြည်ပခရီးသွားများ နိုင်ငံအတွင်းသို့ ဝင်ရောက်လာ ခြင်းကို အထူးသဖြင့် ကန့်သတ်ထိန်းချုပ်ခဲ့သည်။ ပြည်ပခရီးသွားများအနေဖြင့်  ယခင်က  နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာရရှိရန်  ဟိုတယ်တွင် တစ်ညတာစောင့်ကြည့်ခြင်း ခံခဲ့ရသည်။

ယင်းသို့တင်းကျပ်ခြင်းသည် ခရီးသွားလုပ်ငန်းကို   များစွာထိခိုက်စေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အစိုးရ၏လုပ် ဆောင်ချက်မှာ ပြောင်းလဲလာပြီး ထိုသို့တင်းကျပ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ပြည်ပခရီးသွားများသည် ဘတ် ၆၃၀ဘီလီယံမှ ၁ ဒသမ ၂ ထရီလီယံ(ဒေါ်လာ၁၈ ဒသမ ၃၅ ဘီလီယံ)အထိသုံးစွဲမည်ဟုအစိုးရကမျှော်မှန်းထားသည်။ နိုင်ငံအတွင်းသို့ အစိုးရက မျှော်မှန်းထားသည့် ခရီးသွားဦးရေ ဝင်ရောက်လာမည်ဆိုပါက အဆိုပါခရီးသွားဦးရေပမာဏသည် ၂၀၂၁ ခုနှစ်က နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသော ခရီးသွားဦးရေထက်  ပိုမိုမြင့်တက်လာမည့် အလားအလာရှိသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၂၁ ခုနှစ်အတွင်းက နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့်ခရီးသွားဦးရေမှာ ၄၂၈၀၀၀ ဦးသာရှိသော ကြောင့် ဖြစ်သည်။ ထို့ကြောင့်၂၀၂၁ ခုနှစ်က နိုင်ငံအတွင်းသို့ဝင်ရောက်လာသည့်ခရီးသွားဦးရေမှာ ယခင်ကနှုန်းနှင့်နှိုင်းယှဉ်ပါက     များစွာ လျော့ကျသွားသည်။ အကြောင်းမှာ ထိုင်းအစိုးရက ရောဂါကူးစက်မှုများကြောင့်နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားများ ဝင်ရောက်ခြင်းကို ကန့်သတ်ထားခြင်းနှင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပင်ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလမှ မေ ၂၂ ရက်အထိ နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားဦးရေ ၁၀၁၆၁၀၃ ဦး ဝင်ရောက်ပြီးဖြစ်သောကြောင့် မကြာမီ ကာလအတွင်း ထပ်မံဝင်ရောက်လာမည့်ခရီးသွားပမာဏမှာ ပိုမိုမြင့်တက်လာမည်ဟု အစိုးရကမျှော်လင့်နေသည်။ ယခုနှစ် မေ ၁၃ ရက်မှ ၁၆ ရက်အထိပြည်ပခရီးသွား ၁၅၀၀၀၀ ကျော်သည် ဖူးခက်အပန်းဖြေစခန်းသို့ သွားရောက်လည်ပတ်ခဲ့သည်ဟု The Nation သတင်းစာက တရားဝင်ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းသို့  ပြည်ပခရီးသွားများ ဝင်ရောက်လာခြင်းအား ကန့်သတ်ထားမှုကို ဖြေလျှော့ပေးခြင်းသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာစေနိုင်သည့်အပြင် ယခုကဲ့သို့သောကာလမျိုးတွင် ခရီးသွားလုပ်ငန်းအပေါ် အမှီသဟဲပြုရန် လိုအပ်နေ သည်ဟု အစိုးရက ယူဆလျက်ရှိသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန် အစိုးရက အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်သည်။ နိုင်ငံတကာခရီးသွားလာရေးလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အဓိက အထောက် အကူပြုနေသည့် ကဏ္ဍတစ်ခုဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို  အထိနာစေခဲ့သည်ဟု ဆိုနိုင်သည်။ ခရီးသွားလုပ်ငန်းများ ထိခိုက်ခဲ့ခြင်းသည် စီးပွားရေးတိုးတက်မှုကိုလည်းထိခိုက်စေခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ က  ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်၌  အဋ္ဌမမြောက် ကမ္ဘာလှည့် ခရီးသွားအများဆုံး လာရောက် လည်ပတ်ရာနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ နိုင်ငံအတွင်းသို့ အများဆုံးဝင်ရောက်လာသူများမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။ အဆိုပါ တစ်နှစ်တည်းမှာပင် နိုင်ငံအတွင်းသို့ နိုင်ငံတကာမှ ခရီးသွားစုစုပေါင်း သန်း ၄၀ ခန့် ဝင်ရောက်လာခဲ့သည်။ ခရီးသွားများ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းသည် နိုင်ငံအတွင်း၌ အလုပ်အကိုင်အသစ်များကိုပါဖန်တီးပေးနိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ်အထိ အလုပ်အကိုင်အသစ် ၃၆ သန်းခန့်ကို ဖန်တီးပေးနိုင်ခဲ့သည်။

သို့သော် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပျံ့နှံ့လာပြီး နောက်ပိုင်းတွင် အစိုးရ၏ တင်းကျပ်သည့် ရောဂါကူးစက်မှု ထိန်းချုပ်ရေး ဆောင်ရွက်မှုများအရ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ခဲ့ရသည့်အပြင် နိုင်ငံအတွင်းသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာခြင်း ကိုပါ  ကန့်သတ်ခဲ့သောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်နစ်နာခဲ့ရသည်။ ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ထိခိုက်ခဲ့သည့်နိုင်ငံ၏ စီးပွားရေး  ပြန်လည်တိုးတက်လာစေရန် အဓိကကဏ္ဍကြီးတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ရေးကို  ဦးစားပေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။  ။

Ref: Bloomberg, ST, mckinsey

ဇေယျဘုန်း