၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို သြဂုတ် ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဖရန့်ဖတ်အသင်းတို့ အဖွင့်ပွဲစဉ်ကစားမည်
ဘာလင်၊ ဘောလုံး
ဂျာမန်ဘွန်ဒက်စ်လီဂါအဖွဲ့ချုပ်က လာမည့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို သြဂုတ် ၆ ရက်တွင် စတင် ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ဖရန့်ဖတ်အသင်းတို့ အဖွင့်ပွဲစဉ်ကစားမည်ဖြစ်ကြောင်း သိရသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက ဒေါ့မွန်အသင်း ချန်ပီယံဆုဆွတ်ခူးနိုင်ပြီးနောက် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှစတင်ကာ တခြားကလပ်အသင်းများ ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ် အသင်း တစ်သင်းတည်းကသာ ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ၁၀ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီက ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှ ဘီလီဖီးလ်အသင်းနှင့် ဂရိုသာဖက်အသင်းတို့ တန်းဆင်းခဲ့ရပြီး အဆင့်(၁၆)နေရာမှ ဟာသာဘာလင် အသင်းနှင့် ဂျာမန်လိဂ်-၂ မှ ဟမ်းဘက်အသင်းတို့ ရှုံးထွက်အဆင့်ကစားပြီးနောက် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲသို့ ဟာသာဘာလင်အသင်း ပြန်လည်ကစားခွင့်ရရှိခဲ့သည်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၁)တွင် ပြီးခဲ့သည့်ဘောလုံးရာသီက အဆင့်(၂)နေရာ၌ ရပ်တည်နိုင်ခဲ့သည့် ဒေါ့မွန်အသင်းအနေဖြင့်လည်း အဆင့်(၃)နေရာ၌ ရပ်တည်နိုင်ခဲ့သည့် လေဗာကူဆင်အသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Ref;Bild