နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၅၃)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၅၃)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ

(၅၃)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့သို့

ပေးပို့သည့် သဝဏ်လွှာ

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်)

ယနေ့သည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၏ (၅၃)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး ဤနေ့ထူးနေ့မြတ် အခါသမယတွင် မြန်မာပြည်သူပြည်သား အားလုံးနှင့် အာဆီယံပြည်သူ တစ်ရပ်လုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အာဆီယံနှစ်ပတ်လည်နေ့သည် အားလုံးပါဝင်ပြီး စည်းမျဉ်းကိုအခြေခံ၍ ပြည်သူကို မျက်နှာမူ၊ ဗဟိုပြုသည့် တစ်ခုတည်းသော အသိုက်အဝန်းဖြစ်လာစေရန် ဒေသတွင်း အသွင်ကူးပြောင်း မှုတွင် မိမိတို့အနေဖြင့် မည်သည့်အတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့သည်ဆိုခြင်းကို ပြန်လည်သုံးသပ်ရန် အခွင့်အခါကောင်း တစ်ရပ်လည်းဖြစ်ပါသည်။

အရှေ့တောင်အာရှဒေသရှိ မတူကွဲပြားသည့် နိုင်ငံ ၁ဝ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ အသင်းကြီးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မျက်မှောက်နှင့် အနာဂတ်စိန်ခေါ်မှုများကို ထိထိရောက်ရောက် တုံ့ပြန်၍ အာဆီယံ ပဋိညာဉ် စာတမ်းနှင့်အညီ အခွင့်အလမ်းများကို တိုးမြှင့်ရာတွင် အာဆီယံအနေဖြင့် နိုင်ငံရေးအရညီညွတ်ပြီး စီးပွားရေးအရ ပေါင်းစည်း၍ လူမှုရေးအရတာဝန်ယူမှုရှိသည့် အသိုက်အဝန်း ဖြစ်လာနိုင်ရန် အာဆီယံ၏ စုပေါင်းအင်အားကို မြှင့်တင်လျက်ရှိပါသည်။

မဖြေရှင်းနိုင်သေးသည့် ဒေသတွင်းပြဿနာများနှင့် COVID-19 ကူးစက်ရောဂါကြောင့် ပေါ်ပေါက်လာသည့် မကြုံစဖူးစိန်ခေါ်မှုများကြောင့် အာဆီယံ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် တုံ့ပြန်နိုင်စွမ်းတို့မှာ အစမ်းသပ် ခံနေရသဖြင့် ယခုနှစ်အာဆီယံ ဥက္ကဋ္ဌ၏ ဆောင်ပုဒ်ဖြစ်သည့် ''စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသော အာဆီယံ''မှာ ယနေ့အချိန်အခါ၏ လိုအပ်ချက်နှင့် အလွန်ပင်လျော်ကန်သင့်မြတ်မှုရှိလှပါသည်။

အာဆီယံ၏ ဝိသေသမှာ မတူကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဤအသင်းကြီးသည် ယနေ့အချိန်အခါတွင် နိုင်ငံရေးအရတည်ငြိမ်၍ စီးပွားရေးအလား အလာကောင်းကာ ပြည်သူကိုမျက်နှာမူသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်နေပြီး ယင်း၏ အောင်မြင်မှုများ က ပြင်ပနိုင်ငံအများအပြားကို အာဆီယံနှင့် တရားဝင် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် ဆွဲဆောင် လျက်ရှိနေပါသည်။ အာဆီယံအနေဖြင့် ဆွေးနွေးဖက်နိုင်ငံများ၊ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးတက်ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ဒေသ၏ သဘောသဘာဝနှင့် တည်ဆောက်မှုပုံစံတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အာဆီယံ၏ အချက်အချာကျမှုတို့ကို ခိုင်မာစေရန် ဖော်ဆောင်လျက်ရှိပါသည်။

ဒေသတွင်းနှင့် နိုင်ငံတကာ၏တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရာတွင် အရှေ့တောင် အာရှချစ် ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (Treaty of Amity and Cooperation in Southeast Asia-TAC) မှာ ဒေသတွင်းရှိ နိုင်ငံများအချင်းချင်း ထိတွေ့ဆက်ဆံရေးအတွက် လိုက်နာရမည့် အရေးပါသည့်ကျင့်ထုံးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ TAC တွင် ပါဝင် လက်မှတ်ရေးထိုးလိုသည့် နိုင်ငံအရေအတွက် တိုးတက်များပြားလာခြင်းမှာ အာဆီယံ၏ ထုံးတမ်း စဉ်လာနှင့် စံတန်ဖိုးများကို အာဆီယံအဖွဲ့ဝင်မဟုတ်သည့် ပြင်ပနိုင်ငံများက မြတ်နိုး တန်ဖိုးထားမှု တိုးပွားလာသည်ဆိုခြင်းကို ထင်ဟပ်ပြသနေခြင်းဖြစ်ပါသည်။ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်-၂ဝ၂၅ နှင့် ကုလသမဂ္ဂ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်-၂ဝ၃ဝ တို့ကို ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ရင်း အာဆီယံအနေဖြင့် ဒေသတွင်းလုပ်ငန်းစဉ်များကို မြှင့်တင် လုပ်ဆောင်လျက်ရှိပါသည်။

ယခုနှစ်သည် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်-၂ဝ၂၅ အကောင်အထည်ဖော်ဆောင်မှု နှစ်ဝက် ကျရောက်သည့် သမိုင်းမှတ်တိုင် နှစ်တစ်နှစ်ဖြစ်ပါသည်။ အာဆီယံသည် သိသာထင်ရှားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် စတုတ္ထမြောက် အကြီးဆုံးတစ်ခု တည်းသော ဈေးကွက်ဖြစ်ရေး ဦးတည်နေပါသည်။ အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် တတိယ မြောက်အကြီးဆုံးလုပ်သားအင်အားစုကို ပိုင်ဆိုင်ထားပြီး ထိုသို့ကြီးမားသည့် လုပ်သားအင်အားစု ရှိနေခြင်းမှာလည်း ဒေသအတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းကြွယ်ဝမှုတို့ ရရှိ လာစေရန် အခွင့်အလမ်းတစ်ရပ်လည်း ဖြစ်ပါသည်။

အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းသည့်နေရာတွင် အောင်မြင်မှုများစွာ ရရှိနေသော် လည်း အာဆီယံအနေဖြင့် ယနေ့အချိန်အခါတွင် COVID-19 ကူးစက်ရောဂါ၏ မကြုံစဖူးစိန်ခေါ်မှု များကို ရင်ဆိုင်နေရပါသည်။ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါကြောင့်ဖြစ်ပေါ်လာသည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာရန် ဆောင်ရွက်ပြီး ကူးစက်ရောဂါကို ရင်ဆိုင် ဖြေရှင်း သည့်နေရာတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် တုံ့ပြန်နိုင်စွမ်းရှိသည့် စိတ်ဓာတ်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။ အာဆီယံအနေဖြင့် COVID-19 တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ ရန်ပုံငွေနှင့် အာဆီယံဒေသတွင်း အရန်ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထားရှိသုံးစွဲနိုင်ရေးအပြင် အရေးပေါ် ပြည်သူ့ ကျန်းမာရေး တုံ့ပြန်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ရပ် ချမှတ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။

ထို့ပြင် အာဆီယံသည် ဈေးကွက်တည်ငြိမ်မှု ရှိစေရန် ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိနိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို ဆောင်ရွက်လျက်ရှိပါသည်။ COVID-19 ကူးစက်ရောဂါကြောင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ အလျင်အမြန် ကူးပြောင်းနေရသည့်အတွက် အာဆီယံအနေဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးဘက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့အချိန်အခါတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရာ၌ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေရေးအတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။ အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်း မြောင်းစေရေးကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံကနဦး ပေါင်း စည်းရေး လုပ်ငန်းအစီအစဉ် (The Initiative for ASEAN Integration-IAI) သည်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် IAI လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး IAI လုပ်ငန်းအစီအစဉ်အသစ်(၂ဝ၂၁-၂ဝ၂၅)ရေးဆွဲသည့်နေရာတွင် ဦးဆောင်လျက်ရှိပါသည်။

ပိုမိုပေါင်းစည်းသည့် အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ထွန်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအတွက် ဒေသတွင်းပို့ကုန်ဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ပိုမိုရရှိ လာမည်ဖြစ်ပြီး ဒေသတွင်းနှင့် ဒေသပြင်ပရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူနေမှုဘဝများ ပိုမိုတိုးတက် မြင့်မားလာမည်ဖြစ်ပါ သည်။

ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာပြည်သူပြည်သား အားလုံးနှင့် အာဆီယံ ပြည်သူတစ်ရပ်လုံး အောင်မြင်မှုများ ရရှိကြပါစေကြောင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ် အေးချမ်းမှုနှင့် သာယာဝပြောမှုကို အထောက်အကူဖြစ်စေမည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံ အသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဉ်များ တိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။