ရေထုညစ်ညမ်းမှုမှ ကာကွယ်ပြီး ငါး၊ ပုစွန်များ ပြန်လည်ပွားများလာစေရန် ရခိုင်ပြည်နယ် သံဇစ်မြစ်ကမ်းရိုးတန်း၌ ဒီရေတောပင် ရှစ်သောင်းပြည့် မီစေရန် စိုက်ပျိုးလျက်ရှိကြောင်း အမ်းမြို့နယ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလွင်၏ပြောပြချက်အရ သိရသည်။
သံဇစ်မြစ်ကမ်းရိုးတန်း တစ်လျှောက်၌ ယခင်က ဒီရေတောပင်များ ရှိသော်လည်း အဆိုပါ ဒီရေတောပင်များကို ရှင်းလင်း၍ ငါး၊ ပုစွန်မွေးမြူရေး ကန်များဖော်ဆောင်ခြင်း၊ မီးသွေးနှင့် အုတ်ဖုတ်ရာတွင် အသုံးပြုရန် ခုတ်ယူခြင်း တို့ကြောင့် ဒီရေတောများ ပြုန်းတီးခဲ့သည့်အပြင် သံဇစ်မြစ်၌ သုံးနှစ်ဆက်တိုက် ရေထုညစ်ညမ်းမှုများဖြစ်ပေါ် ခဲ့သည့်အတွက် ရေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်ရန် ဒီရေတောပင်များ စိုက်ပျိုးရခြင်းဖြစ်သည်။
ဒီရေတောတွေပြုန်းတီးတော့ ရေလုပ်ငန်းကို အဓိကအားထားနေရတဲ့ ဒေသခံတွေ မှီခိုလုပ်ကိုင်ဖို့အတွက် နေရာ တွေနည်းလာတယ်။ ဒါကြောင့် စားဝတ်နေရေး မခက်ခဲရအောင် ဒီရေတောတွေ စိုက်တာပါ။ လိုအပ်ရင်တော့ ပိုမိုစိုက်ပျိုး ပါမယ် ဟု ဦးမျိုးလွင်ကပြောသည်။
၂၀၁၈ ခုနှစ်မှစ၍ သံဇစ်မြစ်တွင် ရေထု ညစ်ညမ်းခဲ့ခြင်းကြောင့် ဒေသခံရေလုပ်သားများအတွက် ငါး၊ ပုစွန်ရရှိမှုလျော့ ကျခဲ့ပြီး ဒီရေတောပင်များ စိုက်ပျိုးခြင်းဖြင့် ရေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်မည်ဖြစ် သကဲ့သို့ ငါး၊ ပုစွန်များလည်း ပြန်လည် ပွားများလာမည်ဖြစ်ကြောင်း သိရသည်။
အိအိ