နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ရေးအတွက် တရုတ်အပေါ်ချမှတ်ထားသော အခွန်တိုးမြှင့်ကောက်ခံမှုကို ဖြေလျှော့ရန် ကြိုးပမ်းလာသည့် ဂျိုးဘိုင်ဒင်

နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ရေးအတွက် တရုတ်အပေါ်ချမှတ်ထားသော အခွန်တိုးမြှင့်ကောက်ခံမှုကို ဖြေလျှော့ရန် ကြိုးပမ်းလာသည့် ဂျိုးဘိုင်ဒင်

အမေရိကန်အစိုးရသည် ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်ပစ္စည်းများ အပေါ် တာဝန်မဲ့အခွန်တိုးမြှင့်ကောက်ခံမှုတချို့ကို ဖြေလျှော့ရန် စီစဉ်လျက်ရှိကြောင်း အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန်   ကာရင်း ယင်းပီယားက ဇွန် ၁၄ ရက်က ပြောကြားလိုက်သည်။

ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းတချို့အပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းကြောင့် အမေရိကန်ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ပိုမိုများပြားလာသဖြင့်လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရက ပြောင်းလဲမှုများလုပ်ဆောင်ရန်   စီစဉ်လာခြင်းဖြစ်သည်။

အခွန်တိုးမြှင့်ကောက်ခံမှုကို ပြောင်းလဲ ရန်နှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့အတွင်း ဆက်လက်ဆွေးနွေးလျက်ရှိသော်လည်း လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အခွန်တိုးမြှင့်ကောက်ခံခြင်းကို လျှော့ချရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်ထား ခြင်းမရှိသေးပေ။  

ဂျိုးဘိုင်ဒင်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှု     လျှော့ချနိုင်ရေး ကြိုးပမ်းချက်ကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။

ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏လက်ထက်တွင် တရုတ်နိုင်ငံ မှတင်သွင်းလာသည့် ဒေါ်လာဘီလီယံ ပေါင်းများစွာ တန်ဖိုးရှိ   ကုန်ပစ္စည်းများအပေါ်  အခွန်  ၂၅  ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။ အခွန်တိုးမြှင့်ကောက်ခံ ခဲ့သည့် တရုတ်ကုန်ပစ္စည်း များတွင် စက်ဘီးများနှင့် တခြားလျှပ်စစ်ပစ္စည်းများ ပါဝင်သည်။ သို့ရာတွင် ဒေါ်နယ်ထရမ့်၏ အဆိုပါ အခွန်တိုးမြှင့်ကောက်ခံခြင်း သည် တာဝန်ကင်းမဲ့ခြင်းဖြစ်သကဲ့သို့ အမေရိကန်၏ အမျိုးသားလုံခြုံရေးကို အထောက်အကူမပြုကြောင်း ဂျိုးဘိုင်ဒင်အစိုးရက သတိထားမိလာခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်းသည် အမေရိကန်နိုင်ငံအတွင်းရှိ    ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက်  ဈေးနှုန်းပိုမိုကြီးမြင့် လာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ထောက်ပြထားသည်။       ထိုသို့သောအကြောင်းရင်းများကြောင့် အမေရိကန်အစိုးရအနေဖြင့် ဒေါ်နယ်ထရမ့်လက်ထက်က ချမှတ်ခဲ့သော တရုတ်ကုန်ပစ္စည်း တချို့အပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကို ပြင်ဆင်ရန် ကြိုးပမ်းလာခြင်းလည်းဖြစ်သည်။

ထို့ကြောင့်ပင် အမေရိကန်အစိုးရသည် ယခင်အစိုးရလက်ထက်က တရုတ် နိုင်ငံမှတင်သွားလာသည့် ကုန်ပစ္စည်းများ အပေါ်  အခွန်တိုးမြှင့် ကောက်ခံနေခြင်းကို   ပြန်လည်သုံးသပ်နိုင်ရန်    ကြိုးပမ်း လျက်ရှိကြောင်း၊  သို့သော်  ထိုသို့အခွန်တိုးမြှင့် ကောက်ခံခြင်း သည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်   ငွေကြေးဖောင်းပွမှုကို လျော့ကျစေနိုင်သော်လည်း   နည်းလမ်းကောင်းတစ်ခုမဟုတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ယဲလန်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရေးသည် ယခုအခါ ဂျိုးဘိုင်ဒင်ဦးဆောင်သည့် အမေရိကန် အစိုးရအတွက် အဓိကဦးစား ပေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်သည်။ နိုင်ငံအတွင်း နောက်ထပ် ငွေကြေးဖောင်းပွမှုများ ထပ်မံဖြစ်ပေါ်လာနိုင်မည့် အလားအလာများလည်း ထွက်ပေါ်လာသည်။

ထို့ကြောင့် အမေရိကန်ပြည်သူများ ရင်ဆိုင်တွေ့ကြုံနေရသည့် ကုန်ဈေးနှုန်း မြင့်တက်မှုကို လျှော့ချနိုင်ရေးအတွက် ယခင် သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ချမှတ်ခဲ့သည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတချို့ကို ၎င်း၏သမ္မတ သက်တမ်းအတွင်း ဖြေလျှော့ပေးရန် ဂျိုးဘိုင်ဒင်အနေဖြင့် ကြိုးပမ်းလာဖွယ်ရှိသည်ဟူသော ပြောဆိုချက်များလည်း ထွက်ပေါ် လျက်ရှိသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်စီးပွား ရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ကုန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရေးအတွက် တရုတ် နှင့်ဖြစ်ပွား သည့် ကုန်သွယ်ရေးစစ်ပွဲတွင်တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်ပစ္စည်းအမြောက် အမြားအပေါ်   အခွန်တိုးမြှင့် ကောက်ခံခဲ့ သည်။

ထိုသို့ အခွန်တိုးမြှင့်ကောက်ခံခဲ့သည့် ကုန်ပစ္စည်းများတွင် အဝတ်အထည်များမှအစ ပရိဘောဂပစ္စည်းများအထိ ပါဝင်နေသည်။ သို့သော် ဒေါ်နယ်ထရမ့်၏ အဆိုပါလုပ်ဆောင်ချက်သည် အမေရိကန်ပြည်သူများအပေါ် အပြုသဘောမဆောင်သည့် ဆိုးကျိုးများ ကိုသာ ဖြစ်လာစေသောကြောင့်  လက်ရှိ ဂျိုးဘိုင်ဒင်အစိုးရက အခြေအနေကို  ပြောင်းလဲနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်နေခြင်းကို လျှော့ချနိုင်ရေးအတွက် တရုတ် ကုန်ပစ္စည်း များအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုကို ဖြေလျှော့ပေးမည့် အစိုးရ၏ လုပ်ဆောင်ချက်သည် မည်သည့်အတိုင်းအတာအထိ ထိရောက်မှု ရှိစေမည်ဟူသော အချက်မှာ  စီးပွားရေးပညာရှင်များကြား ငြင်းခုံစရာ ကိစ္စရပ်တစ်ခုအဖြစ် ထွက်ပေါ်လာမည်ဖြစ်သည်။  နိုင်ငံကရင်ဆိုင်နေရသော ငွေကြေးဖောင်းပွမှု၏ ပထမဆုံးသော အကြောင်းရင်းသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားခဲ့ သည့် ကိုဗစ်-၁၉  ရောဂါကြောင့်ဖြစ်ပြီး အဆိုပါ ကူးစက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး မှာ  အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဈေးကွက်ကို ရပ်ဆိုင်းစေခဲ့သည်ဟု ဂျိုးဘိုင်ဒင်က ဆိုထားသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း နိုင်ရေးအတွက်  အစွမ်းကုန်လုပ်ဆောင် နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံတချို့တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက် လာသည့်အပြင် အလားတူပင်ဂျုံနှင့်ပြောင်းကဲ့သို့သော စားသောက်ကုန် ထုတ်လုပ်သည့် ကောက်ပဲသီးနှံဈေးနှုန်း များမှာလည်း ၂၀၂၂ ခုနှစ်အတွင်းမှာပင် အသီးသီးမြင့်တက်လာခြင်းကြောင့် အမေရိကန်ပြည်သူများ၏ မကျေမနပ်ပြောဆိုချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရပါမူ ဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် နိုင်ငံအတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုကို လျှော့ချနိုင်ရေးအတွက် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်လျက်ရှိပြီး ထိုသို့လုပ်ဆောင်နိုင်ခြင်းမရှိပါက အခြေ အနေပိုမိုဆိုးရွား လာဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။       ။              

ဇေယျဘုန်း

Ref: Cnbc, ST