လူတို့သည်ကား အမှားနဲ့မကင်းကြပါ။ ကိုယ်တိုင်တွေးခေါ်မှုကြောင့်ဖြစ်စေ၊ အမှုမဲ့ အမှတ်မဲ့ကြောင့်ဖြစ်စေ၊ အပေါင်းအသင်းကြောင့်ဖြစ်စေ မှားတတ်ကြသည်။ သို့သော်လည်း ထိုအမှားတို့ကို သင်ခန်းစာအဖြစ် ရယူပြီး အနာဂတ်အတွက် ခြေလှမ်းသစ်အဖြစ် ဆက်လက်လျှောက်လှမ်းကြရမည်သာ ဖြစ်သည်။ မိမိအမှားအပေါ် အမှန်တရားကို သိမြင်ဖို့တော့လိုပါလိမ့်မည်။
အမှားအတွက် ခြေစုံရပ်နေ၍ မရသလို ဆင်ကန်းတောတိုးလို့လည်း မဖြစ်ပါ။ အမှားတစ်ခုအတွက် အများသူတို့၏ ကဲ့ရဲ့မှုခံရမည်ကို တွေးတောပူပန်နေမည် ဆိုပါက ဘဝ၏ ရည်မှန်းချက်ပန်းတိုင်သည်ကား ပျောက်ဆုံး သွားပါလိမ့်မည်။ ထို့ကြောင့် ဘုရားရှင်က နတ္ထိလောကေ အနိန္ထိတော (လောကေ=လောက၌၊ အနိန္ထိတော=အကဲ့ရဲ့လွတ်သောသူသည်၊ နတ္ထိ=မရှိ)ဟု မြွက်ကြားဆုံးမတော်မူခဲ့သည်။ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အမှားကိုမြင်ပြီး အမှန်ပြင်၍ ဘဝခရီးဆက်နေကြသောသူများကို သော်လည်းကောင်း၊ ဘဝခရီးလမ်း ဆက်လျှောက်ရန် မဝံ့မရဲ ဖြစ်နေသူများကိုသော် လည်းကောင်း အားပေးကူညီကြရမည် သာဖြစ်သည်။ လဲကျနေသူကိုဖေးမကူညီ လက်ဆွဲယူပြီး တည့်မတ်ပေးရမည် ဖြစ်သည်။ ကျွန်ုပ်တို့ လူ့ဘောင် တွင် အမှားကို သိမြင်ပြီး အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များစွာရှိခဲ့ကြသည်။ အမှားနှင့်မကင်းသည့် ကျွန်ုပ်တို့သည်ကား ထိုသူတို့ကို အတုယူသင့်သည်။
စာရေးသူတွင် အကျင့်တစ်ခုရှိသည်။ ထိုသည်မှာ နံနက်ခင်း အလုပ်မသွားမီ သတင်းစာဖတ်သည့် အကျင့်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်သတင်း စာမဖတ်ဖြစ်ခဲ့သော် တစ်နေကုန် တစ်ခုခု လိုနေသလိုလိုခံစားရသည်။ လူဆိုတာ အကျင့်ရဲ့ကျေးကျွန်မဟုတ်ပါလော။ သတင်း စာဖတ်ပြီးသောအခါ ဗဟုသုတများစွာ တိုးပွားလာသဖြင့် ခွန်အားသစ်တို့ တိုးလာသလိုလို ခံစားရစမြဲပင်။ သို့သော်လည်း စာရေးသူသည် စိတ်ခံစားမှုလွယ်တတ်သူဖြစ်ရာ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG တို့၏ မိုးလုံးပြည့်မုသား စကားများနှင့် သွေးထိုးလှုံ့ဆော်မှုတို့ကြောင့် PDF အမည်ခံအကြမ်းဖက်သမားတို့၏ လုပ်ရပ်နှင့်လုပ်ဆောင်မှု (ရဟန်းသံဃာတော်နှင့် ဆရာ၊ ဆရာမများကို သတ်ဖြတ်ခြင်း၊ လမ်းတံတားနှင့် အဆောက်အအုံများကို ဖျက်ဆီးခြင်းစသည့်)သတင်းများ ဖတ်ရသည့်အခါ စိတ်မကောင်းဖြစ်ရပြန်သည်။
PDF အမည်ခံအကြမ်းဖက်သမားတို့၏ သတင်းများကို ဖတ်ရသည့်အခါတိုင်း တူဖြစ်သူ မောင်ကောင်းမြတ်ကို မျက်လုံးထဲ မြင်ယောင်မိသည်။
စာရေးသူ၏တူဖြစ်သူ မောင်ကောင်းမြတ် သည်ကား ပင်ကိုရိုးသားပြီး စာကြိုးစားသည်။ လူငယ်ပီပီ အပေါင်းအသင်း ခင်တွယ်ခြင်းတော့ရှိ၏။ အားလပ်သည့်အခါ စာရေးသူထံသို့ ရောက်လာတတ်ပြီး စာကြည့်ခန်း အတွင်းက သူကြိုက်နှစ်သက်ရာ စာအုပ်ကိုယူပြီးဖတ်သည်။ စကားနည်းသည့် မောင်ကောင်းမြတ်ကို စာရေးသူ အမြဲချီးကျူးသည်။ သို့သော် အပေါင်းအသင်း မက်မောခင်တွယ်လွန်းသည့် မောင်ကောင်းမြတ်သည်ကား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် အိမ်မှ ပျောက်ကွယ်သွားသည်။ လိုက်လံစုံစမ်း ကြည့်သော်လည်း အဆက်အသွယ်မရသဖြင့် မိဘများက စိတ်ပူလာကြသည်။ တစ်နေ့ မောင်ကောင်းမြတ်ထံမှ မိဘများသို့ဖုန်းဖြင့် ဆက်သွယ်လာသည်။ မောင်ကောင်းမြတ် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိရာ တောတွင်းတစ်နေရာသို့ ရောက်ရှိနေကြောင်း ဖြစ်သည်။ သည့်နောက် အဆက်အသွယ် မရတော့ချေ။
မိဘများက မောင်ကောင်းမြတ်အတွက် စိတ်ပူနေကြသည်။ မောင်ကောင်းမြတ်တစ်ယောက် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအကြား ဘယ်လိုနေရှာမလဲဟု တွေးပူမိသည်။ တောတွင်းလက်နက် ကိုင်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သူတို့ ပူးပေါင်းပြီး နေအိမ်များနှင့် အစိုးရ အဆောက်အအုံများကို မီးရှို့ခြင်း၊ လူသတ်ခြင်း စသည့် ဒုစရိုက်လုပ်ရပ်တွေထဲမှာ မောင်ကောင်းမြတ်သည်လည်း ပါဝင်နေပြီလား။
မောင်ကောင်းမြတ်အကြောင်းကို စဉ်းစားမိသည့်အခါတိုင်း ၁၉၈၈ ခုနှစ် ဆူပူသောင်းကျန်းမှုများကို ပြန်လည်သတိရမိသည်။
၁၉၈၈ ခုနှစ် လူထုဆူပူမှုများကို အကြောင်းပြုပြီး နိုင်ငံရေးစားဖားများနှင့် ပြည်တွင်း ပုဆိန်ရိုးများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူငယ်အချို့ တောတွင်းလက်နက်ကိုင်အဖွဲ့များဆီသို့ ရောက်သွားခဲ့ကြသည်။
တောထဲတွင် အနေဆင်းရဲ၊ အစားဆင်းရဲခြင်းသာမက အချင်းချင်း သတ်ဖြတ်ခဲ့ကြသည်။ ထိုအချိန်က တပ်မတော်သည် တောတွင်းသို့ရောက်ရှိနေကြသော လူငယ်များကို သဘောထားကြီးစွာ ပြန်လည် ခေါ်ယူ သည့်အကြောင်း သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။ တောတွင်းရောက် လူငယ်များ တပ်မတော်၏ သဘောထားအမှန်ကို သိမြင်လာကြသောအခါ တောတွင်းအမှောင်ထုမှ ရုန်းထွက်ရန် ကြိုးစားကြသည်။ အချို့ အလင်းထဲသို့ ပြန်လည်ရောက်ရှိ လာကြသော်လည်း အချို့သည်မူ တောတွင်း လက်နက်ကိုင် အဖွဲ့များ၏ စွပ်စွဲသတ်ဖြတ်မှုနှင့် လူငယ်များကို မူးယစ်ဆေးဝါးများ ကျွေးပြီး လူသားမဆန် သံကြိုးချည်နှောင်ကာ ခုခံခိုင်းမှုများကြောင့် တိုက်ပွဲတွင်း သေဆုံးခဲ့ကြသည်လည်း ရှိခဲ့သည်။ လူငယ်အချို့ အမှောင်ကိုခွင်းပြီး အလင်းထဲသို့ ပြန်ရောက်လာသောအခါ တပ်မတော်နှင့်ပြည်သူတို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပုံ၊ မိဘဆွေမျိုးများနှင့် ပြန်လည်ဆုံစည်းကြသောအခါ ပီတိမျက်ရည်၊ ဝမ်းသာသည့်အပြုံး သတင်းပုံရိပ်တို့သည်ကား စာရေးသူ၏ မျက်ဝန်းထဲတွင် ယနေ့တိုင် မမေ့နိုင်သေးပါ။
ရုပ်မြင်သံကြားနှင့်သတင်းစာများတွင် ကြည့်ရှုရသူ ပြည်သူအားလုံး ဝမ်းသာပီတိမျက်ရည်များပင် ဆို့ခဲ့ကြသည်။ ယနေ့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း ယခင် တပ်မတော်အစိုးရကဲ့သို့ သဘောထားကြီးစွာဖြင့် တောထဲရောက်နေသည့် စိတ်ခံစားလွယ်ပြီး နိုင်ငံရေးသားကောင်ဖြစ်နေသော လူငယ်များကို ပြန်ခေါ်လေမလားဟူသော မျှော်လင့်ချက်ဖြင့် စာရေးသူ အပါအဝင် ပြည်သူတစ်ရပ်လုံးက စောင့်မျှော် နေခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။
ပြည်သူများ စောင့်မျှော်နေခဲ့သည့် မျှော်လင့်ချက်သတင်းသည်ကား ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်ထုတ် မြဝတီသတင်းစာတွင် မင်္ဂလာနံနက်ခင်းနှင့်အတူ PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း ဟူသော သတင်းစာ၏ ရှေ့စာမျက်နှာတွင် ဖတ်ရှုလိုက်ရပါသည်။ ထိုသတင်းနှင့် ပတ်သက်၍ အချို့ဝေဖန်မှုများ ကိုလည်း ကြားရသည်။ မည်သို့ပင်ဆိုစေ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူထံသို့ပေးထားသည့် ကတိကဝတ်(ရှေ့လုပ်ငန်းစဉ် ၅ ရပ်)အတိုင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်ရေးကို ရှေးရှုပြီး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည် ဝင်ရောက်နိုင်ရေး ကြိုဆိုခြင်းဖြစ်ကြောင်း သာမက တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလည်း ရှေးရှုထားကြောင်း ပြည်သူများ သုံးသပ်တွေ့မြင်ရမည်သာ ဖြစ်ပါသည်။ သတင်းစာကိုဖတ်ပြီး မကြာမီပြည်သူ့ဘဝသို့ ပြန်လည် ဝင်ရောက်လာတော့မည့် လူငယ်များ၏ပုံရိပ်များနှင့် ၎င်းတို့မိသားစုများ ပြန်လည် ဆုံစည်းကြတော့မည့် အရေးတွေးရင်းပီတိ ဖြစ်ရပါသည်။
ပြည်သူများ အနေဖြင့်လည်း အမှားကိုမြင်ပြီး အမှောင်ကိုခွင်းလို့ အလင်းသို့ ပြန်လာကြမည့် လူငယ်မောင်မယ် များကို သပြေပန်း နှင့်လက်ကမ်းကြိုကြမည်မှာ အမှန်ပင်ဖြစ်သည်။ တောတွင်း လက်နက်ကိုင်အဖွဲ့များသို့ ရောက်ရှိနေကြသော လူငယ်မောင်မယ်များအနေဖြင့် သတ္တိရှိရန်နှင့် ပြည်တွင်းပြည်ပ ပုဆိန်ရိုးတို့၏ မဟုတ်မမှန် သတင်းဖြန့်မှုတို့ကို နားမယောင်ကြရန် လိုအပ်ပါသည်။ သတ္တိရှိရန်ဟု ဆိုရာဝယ် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်၏ အမှန်တရားကို လက်ခံဝံ့သည့်သတ္တိနှင့် မိမိ၏ မှားယွင်းသောလုပ်ရပ် သို့မဟုတ် အယူအဆတို့ကို ခဝါချမည့်သတ္တိရှိရမည်ဖြစ်သည်။ တစ်နည်းဆိုရသော် အမှန်တရားကို လက်ခံမည့် သတ္တိရှိရမည်သာ ဖြစ်သည်။
PDF အမည်ခံအကြမ်းဖက်သမားတို့၏ လုပ်ရပ်သည် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့ နိုင်ငံရေးအယူအဆ၊ လူမျိုးရေးတို့ကြောင့် နိုင်ငံတော် အစိုးရအား တိုက်ခိုက်နေခြင်းလည်း မဟုတ်ဘဲ ပြည်သူကို တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း တောတွင်းရောက် မောင်မယ်များအနေဖြင့် သုံးသပ်နိုင်ကြပြီဟု စာရေးသူမျှော်လင့်မိသည်။
အမှားကိုသိပြီး အမှန်တရားကို လက်မခံဝံ့သူသည် သူရဲဘောကြောင်လျက် မိုက်တွင်းနက်နေကြသူများသာ ဖြစ်သည်။ နောင်တဟူသည် အချိန် သို့မဟုတ် ဘဝ၏အစိတ်အပိုင်းအချို့သော်လည်းကောင်း၊ အချိန်နှင့်ဘဝ အစိတ်အပိုင်း နှစ်မျိုးစလုံး ပေးဆပ်၍ ရလာသည့် အသိတရားဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် နောင်တသည်ကား အစွမ်းထက်သည့် ဆေးကောင်းတစ်လက်ပင်ဖြစ်သည်။ သို့ဖြစ်၍ တောတွင်း ရောက် လူငယ်မောင်မယ်များ အနေဖြင့် ဆေးကောင်းတစ်လက် မိမိလက်ဝယ်ရှိပါလျက် အမှားကို နာတာရှည်ရောဂါအဖြစ် မခံစားသင့်ချေ။ တစ်ခါမှားရုံဖြင့် မျက်မမြင်ကဲ့သို့ ရပ်နေမည်ဆိုပါက ရခဲသည့်လူ့ဘ၀ အဓိပ္ပာယ်မဲ့ သွားပါလိမ့်မည်။ လူငယ်တို့တွင် အနာဂတ်အတွက် ရည်မှန်းချက်နှင့် မျှော်လင့်ချက်များစွာ ရှိကြသည်။ မိမိတို့ရဲ့ အနာဂတ်ဘဝ ခရီးလမ်း တစ်ချက်လေးမျှ လမ်းချော်သွားခဲ့သော် လမ်းမှန်ပေါ်သို့ ပြန်လည်တက်လာ စေချင်သည်။ သို့မှသာ ထိုလူငယ်၏ဘ၀ သာယာဖြောင့်ဖြူးမည် သာမက နိုင်ငံတော်အတွက်လည်း အကျိုးများစွာ ပွားများမည် ဖြစ်သည်။ ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တောတွင်းသို့ ရောက်နေကြသည့် လူငယ် မောင်မယ်များကို ပြည်သူ့ဘဝပြန်လည်ရရှိရေး ခေါ်ယူနေခြင်းမှာ ထိုသူတို့၏ ဘဝနောင်ရေး တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြော်တွေးခြင်းဖြစ်သည်။
သို့ဖြစ်၍ မောင်ကောင်းမြတ်ကဲ့သို့သော တောတွင်းရောက်လူငယ်မောင်မယ်များအနေဖြင့် မိဘဆွေမျိုးများ၊ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က အမှောင်ကိုခွင်းလို့ အလင်းသို့ ပြန်လာကြမည့်အချိန်ကို စောင့်မျှော် နေကြကြောင်းနှင့် အိမ်သို့ပြန်လာရန် အချိန်မနှောင်း အချိန်အခါကောင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
မောင်မောင်လွင်(ရွှေဘိုသား)