အသက်အရွယ်ကြီးသူတို့တွင် အများဆုံး ကြုံတွေ့ရသော ကျန်းမာရေးပြဿနာများမှာ အဆစ်အမျက်ရောင် ရောဂါ၊ အရိုးပွရောဂါ၊ တုပ်ကွေးအပါအဝင် အဆုတ်ပွရောဂါများ၊ အိပ်မပျော်ခြင်း၊ ချော်လဲခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အဝလွန်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ကြသည်။
အာဟာရပြည့်ဝစွာစားသောက်နည်း
အသက်ကြီးလာသည်နှင့်အမျှ အစားသိပ် မစားနိုင်တော့ပေ။ ထို့ကြောင့် ပါးစပ်ထဲဝင်သမျှ အစားအစာအားလုံးသည် အာဟာရပြည့်ဝဖို့ အရေးကြီးပါသည်။ နည်းနည်းချင်းစီ မကြာခဏ စားပေးပါ။ ကွေကာအုပ်၊ နို့ဆန်ပြုတ်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ကို အဓိကထားစားသုံးပါ။
နံနက်ခင်း ပုံမှန်သောက်နေကျ လက်ဖက်ရည် သို့မဟုတ် ကော်ဖီတစ်ခွက်နေရာမှာ နို့တစ်ခွက်ဖြင့် အစားထိုးပါ။ အသားဓာတ်ပြည့်ဝအောင်စားပါ။ ကယ်လ်စီယမ်မချို့တဲ့ အောင်ဂရုစိုက်ပါ။ ဗီတာမင်ဘီ-၁၂ ဖြည့်စွက် သောက်သုံးပါ။ ဗီတာမင်ဒီပြည့်ဝသော အစားအစာများစားပါ (ဥပမာ အဆီများသောငါး၊ ဖြည့်စွက်စာဆေးဝါး၊ နေပူဆာလှုံခြင်း)၊ သံဓာတ်ကြွယ်ဝသော အစားအစာများစားပါ (ဥပမာ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ အနီရောင်အသားများ)၊ အချိုအငန်လျှော့စားပါ။ ညအိပ်ရာဝင်ခါနီး ဗိုက်ဆာပါက နို့တစ်ခွက်သောက်ပါ။ အချိုရည်ပါဝင်မှု မြင့်မားသော အစားအစာများ (ဥပမာ ဖျော်ရည်၊ ကိတ်မုန့်)တို့ကိုရှောင်ပါ။ တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ၊ အသင့်စားအစားအသောက်များ၊ ဆီကြော်အစားအစာတို့ကို တတ်နိုင်သလောက်ရှောင်ပါ။ အစာစားချင်စိတ် နည်းပါးနေချိန်မှာ တစ်ယောက်တည်းမစားဘဲ မိသားစုနှင့် ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းနှင့် ဖြစ်စေ အတူတကွ စားပါ။
ဘိုးဘွားတို့အတွက် လိုအပ်သောဗီတာမင်များ
(က) အရိုးသန်မာစေပြီး အရိုးပွရောဂါမှကြိုတင်ကာကွယ်ရန် ကယ်လ်စီယမ်လိုအပ်သည်။ (ခ) အရိုးဆုံးရှုံးခြင်းနှင့် အရိုးကျိုးခြင်းမှ ကြိုတင်ကာကွယ်ရန် ဗီတာမင်ဒီလိုအပ်သည်။ (ဂ) သွေးဆဲလ်နှင့် အာရုံကြောဆဲလ်များကို အထောက်အကူပြုနိုင်ရန် ဗီတာမင်ဘီ-၁၂ လိုအပ်သည်။ (ဃ) သွေးအားနည်းခြင်းမှ ကာကွယ်ရန် ဖောလစ်အက်စစ်လိုအပ်သည်။ (င) ဇီဝဖြစ်စဉ်နှင့် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုရန် ဗီတာမင်ဘီ-၆ လိုအပ်သည်။ (စ) ကိုယ်ခံအားကောင်းစေပြီး အနာကျက်မြန်စေရန်နှင့် မျက်စိအတွင်းတိမ်ရောဂါမှ ကြိုတင် ကာကွယ်ရန် ဗီတာမင်စီလိုအပ်သည်။ (ဆ) သွေးဖိအားနှင့်သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းသိမ်း ပေးနိုင်ရန် မဂ္ဂနီစီယမ်လိုအပ်သည်။ (ဇ) နှလုံးနှင့်နှလုံးသွေးကြောများ ကျန်းမာကြံ့ခိုင်စေရန် အိုမီဂါ-၃ လိုအပ်သည်။
ဘိုးဘွားတို့ရေဓာတ်မခန်းခြောက်စေဖို့
အသက်ကြီးလာချိန်မှာ ခန္ဓာကိုယ်၏ အပူချိန်အပြောင်းအလဲကို ထိန်းညှိရန် ရေကိုယခင်ထက် ပိုသောက်ပေးဖို့ လိုပါသည်။ ရေဓာတ်နည်းသောအခါ ကြွက်သားနာကျင်ခြင်း၊ နွမ်းနယ်ခြင်း၊ အပူလျှပ်ခြင်းများ ခံစားရနိုင်ပါသည်။ ထို့ကြောင့် ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ။ အသက်အရွယ်ကြီးသူများသည် ရေဓာတ်ခန်းခြောက်ခြင်းကို ခံနိုင်ရည်နည်းပါးသည်။ အမြန်ဆုံးကုသနိုင်မှသာ ဆိုးဆိုးရွားရွားထိခိုက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေသော အကြောင်းများမှာ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အဖျားရောဂါရှိခြင်း၊ ချွေးထွက်များခြင်း၊ ဆီးသွားများခြင်းတို့ဖြစ်၍ သတိရှိတတ်ပါစေ။
ထို့ပြင် အသက်အရွယ်ရလာချိန်မှာ အပူချိန်ကြောင့် ဖြစ်သော ဆိုးကျိုးများကို ကာကွယ်ရန်နှင့် လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်သောက်သုံးမှုများကို လျှော့ချရန်အတွက် ရေမဆာသော်လည်း အချိန်နှင့်သတိထားပြီး ရေသောက်ပေးသော အလေ့အကျင့်ကို မွေးမြူသင့်ပါသည်။ ရေသောက်မမေ့စေရန်အတွက် မိမိလက်တစ်ကမ်းမှာ သောက်ရေတစ်ဖန်ခွက်တင်ထားပါ။ ရေတစ်ခွက်သောက်ပြီးတိုင်း ဖန်ခွက်ကို ရေထပ်ဖြည့်ပါ။
သက်ကြီးတို့အတွက် အင်တီအောက်ဆီးဒင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်း ခေါ် အင်တီအောက်ဆီးဒင့် ပမာဏ တိုးမြင့်လာလျှင် လူကြီးများစိတ်ရူးသွပ်မှု ခံစားရနိုင်ခြေလျော့နည်းမည် ဖြစ်ကြောင်း မေရီလန်း တက္ကသိုလ်မှ သုတေသီတစ်စုက ဖော်ထုတ်တွေ့ရှိ ခဲ့ပါသည်။ အသက် ၄၅ နှစ်အထက် လူကြီး စုစုပေါင်း ၇၀၀၀ ကျော်တို့ကို ၁၅ နှစ်ကျော်မျှ စောင့်ကြည့်လေ့လာပြီးနောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း၏ အစွမ်းအာနိသင်ကို ယခုလိုဖော်ထုတ်သိရှိခဲ့ကြခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုပါသည်။
လူတို့သည် အသက် ၅၀ နှင့် ၆၀ ကျော်လာလျှင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ရူးသွပ်ဝေဒနာကို ခံစားရလေ့ရှိကြောင်း၊ ထိုအခါ သွေးတွင်းရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက လူကြီးများခံစားရလေ့ရှိသော ထိုစိတ်ရူးသွပ်မှု ဝေဒနာကို အနည်းနှင့်အများ လျှော့ချပေးနိုင်ကြောင်း၊ သွေးတွင်းရှိဓာတ်တိုးဆန့် ကျင်ပစ္စည်းပမာဏ တိုးမြင့်လာစေရန် အရွက်ဖားဖား အစိမ်းရောင်ဟင်းရွက်များ ဖြစ်သော ကိုက်လန်၊ ဆလတ်၊ မုန်ညင်း၊ ဟင်းနုနယ်တို့ကိုသာမက ပန်းမုန်လာစိမ်း၊ ပဲမျိုးစုံ၊ လိမ္မော်သီး၊ သရက်သီး၊ သင်္ဘောသီး၊ သစ်တော်သီး စသောဓာတ်စာအမျိုးမျိုးတို့ကို စားသုံးပေးရမည်ဟုဆိုသည်။
သက်ကြီးပိုင်းနှင့်သွေးတိုးရောဂါ
ကျား၊ မ သက်ကြီးပိုင်းတွင် အဖြစ်များဆုံးရောဂါမှာ သွေးတိုးရောဂါ ဖြစ်သည်။ ထိုရောဂါကို ရှောင်ရှား လျော့ပါးစေရန်အတွက် သက်ကြီးရွယ်မတိုင်ခင်ကပင် အနေအထိုင်အစားအသောက်အစဉ် ဂရုစိုက်ဖို့ လိုပါသည်။ (က) အစားအသောက်ထဲမှာ အငန်၊ အဆီအအိမ့်၊ အချိုလျှော့စားပါ။ (ခ) အသက်အရွယ်တိုင်းမှာ ကိုယ်အလေးချိန်ကို ပုံမှန်ရှိသင့်သည့် အနေအထားမျိုးဖြစ်အောင် ထိန်းသိမ်းပါ သို့မဟုတ် အဝလွန်နေပါက ဝိတ်လျှော့ပါ။ (ဂ) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ (ဃ) အရက်အလွန်အကျွံမသောက်ပါနှင့်။ (င) အကောင်းမြင်စိတ်မွေးမြူပါ။ (စ) တရားထိုင်ခြင်း သို့မဟုတ် ထိုက်ကျိကစားခြင်း သို့မဟုတ် ယောဂကျင့်ခြင်း ပြုလုပ်ပေးပါ။ (ဆ) သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပါ။ (ဇ) ရုတ်တရက်သွေးဆောင့်တက်ခြင်းမျိုး ဖြစ်မလာအောင် ဆရာဝန်ညွှန်ကြားထားသည့် သွေးပေါင်ထိန်းဆေး အမြဲမှီဝဲပါ။ (ဈ) ကွမ်း၊ ဆေးလိပ် ဖြတ်ပါ။
ဘိုးဘွားများအိပ်စက်ခြင်းပြဿနာ
အသက်ရလာသည်နှင့်အမျှ အိပ်ရခက်တတ်သည်။ ထို့ပြင် အိပ်စက်မှုပုံစံပြောင်းလဲသွားကာ ညလယ် သို့မဟုတ် မနက်စောစောနိုးတတ်ပြီး အိပ်ချိန်နည်းပါးသည်။ အိပ်ချိန်နည်းသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့၊ အိပ်ရေးဝဖို့အရေးကြီးသည်။ အသက်အရွယ်ကြောင့်ဖြစ်သော အိပ်စက်ခြင်းပြဿနာကို ဖြေရှင်းရန် နည်းလမ်းကောင်း တချို့ရှိပါသည်။ ညအိပ်ခါနီး ၅ မိနစ်ခန့်အလို ကြေညက်လွယ်သောအစာ အနည်းငယ်စားပေးပါ။ နို့နွေးနွေးတစ်ခွက်သောက်ခြင်းက အိပ်ပျော်စေရန် အထောက်အကူ ဖြစ်သည်။ ကဖင်းဓာတ်ပါသော အစားအစာများကို ရှောင်ပါ (ဥပမာ လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည်များ)၊ နေ့လယ်နေ့ခင်း တစ်ရေးမအိပ်ပါနှင့်။ ညအိပ်ရာဝင်ချိန်ပုံမှန်ထားပါ။ အိပ်ခါနီးတီဗွီမကြည့်ပါနှင့်။ ဖုန်းမသုံးပါနှင့်။ မနက်ခင်းလမ်းလျှောက်ပါ။
ဘိုးဘွားတို့တွင် အိပ်စက်ခြင်းပြဿနာရှိနေကြောင်းကို ဖော်ပြနေသော လက္ခဏာအမျိုးမျိုးရှိပါသည်။ ၎င်းင်းတို့မှာ ပင်ပန်းနေသော်လည်း အိပ်ပျော်ရန် ခက်ခဲခြင်း၊ တစ်ရေးနိုးပြီးနောက် ပြန်အိပ်ရန်ခက်ခဲခြင်း၊ အိပ်ရာနိုးချိန်တွင် လန်းလန်းဆန်းဆန်းမရှိခြင်း၊ နေ့ခင်းတွင် ထိုင်းမှိုင်းခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း၊ ထိုင်နေစဉ် သို့မဟုတ် တီဗွီကြည့်စဉ် သို့မဟုတ် မော်တော်ယာဉ်စီးနေစဉ်အိပ်ငိုက်ခြင်း၊ နေ့ဘက်တွင် အာရုံစူးစိုက်မှု ခက်ခဲခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ နေ့လယ်စာစားပြီးနောက်များ မကြာမီ အလွန်အမင်း အိပ်ချင်ငိုက်မျဉ်းလာခြင်း၊ အိပ်ပျော်စေရန် အိပ်ဆေး သို့မဟုတ် အရက်ပုံမှန်သောက်ရခြင်းတို့ ဖြစ်ပါသည်။ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မှတ်ဉာဏ်ပျက်သုဉ်းခြင်း၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ရင်သားကင်ဆာတို့ ဖြစ်စေနိုင်သည်။
အသက်အရွယ်ကြောင့်ဒူးနာခြင်း
ဒူးသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်ကို ထမ်းထားရသလို ဘဝတစ်သက်တာလုံး လှုပ်ရှားနေ ရသည့်အတွက် အသက်အရွယ်ရလာချိန်မှာ မကြာခဏနာကျင်လာတတ်သည်။ သက်ကြီး ဒူးနာရောဂါကို သက်သာစေရန်အတွက် ရောင်ရမ်းမှု ကို ဖြေလျှော့စေသော အစားအစာများဖြစ်ကြသည့် ဟင်းသီးဟင်းရွက်၊ ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ ချင်းစားပါ။ နေ့စဉ် ရေရှစ်ဖန်ခွက်ထက်မနည်း သောက်ပါ။ အရိုးအဆစ်အတွက် ဖြည့်စွက်အာဟာရများ စားသောက်ပါ။ ကိုယ်အလေးချိန်လျှော့ချပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ။ အထိုင်လျှော့ပြီး လမ်းပိုလျှောက်ပေးပါ။ ဖိနပ်ကောင်းကောင်းစီးပါ။ အိမ်ထဲမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်းက ဒူးကို ဖိအားလျော့နည်းစေပါသည်။
မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သူငယ်ပြန်ခြင်း
မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါ၊ သူငယ်ပြန်ရောဂါ ဆိုသည်မှာ ဦးနှောက်ရှုံ့ခြင်း၊ ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းတို့ကြောင့် တဖြည်းဖြည်း ဆိုးရွားလာသော အာရုံကြောရောဂါတစ်မျိုး ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၅၀ ခန့် သူငယ်ပြန်ရောဂါခံစားနေရပြီး ဝေဒနာသည်အများစုမှာ အသက် ၇၅ နှစ်ကျော် အရွယ်များ ဖြစ်ကြသည်။ ၎င်းရောဂါ၏ ဦးဆုံးလက္ခဏာမှာ လတ်တလော မှတ်ဉာဏ်ပျက်ယွင်းခြင်းဖြစ်ပြီး မကြာသေးခင်က ပြောသောစကားကို မေ့သွားခြင်း သို့မဟုတ် လတ်တလောအဖြစ်အပျက်တစ်ခုခုကို မေ့သွားခြင်း၊ ဈေးဝယ်စဉ် ပြန်အမ်းငွေမတွက်နိုင်ခြင်း၊ မိမိပြောလိုသော စကားကို သေချာမပြောနိုင်ခြင်း သို့မဟုတ် စကားလုံး မရွေးချယ်နိုင်ခြင်း၊ အချိန်နှင့်နေရာအမှတ်မှားခြင်း၊ စိတ်အနေအထား ပြောင်းလဲခြင်း (ဥပမာ ပိုမိုစိတ်ဆတ်လာခြင်း၊ စိတ်တိုလွယ်ခြင်း) တို့ကို စတင်ဖြစ်ပေါ်ခံစားရသည်။ အလွန်ဆိုးရွားလာသော အခြေအနေတွင် ထမင်းစားပြီး၊ မပြီး မမှတ်မိတော့ခြင်း၊ မိမိနာမည်ကိုမေ့ခြင်း၊ အတူနေမိသားစုဝင်များကို မမှတ်မိခြင်း၊ အိမ်ပျောက်လမ်းပျောက်ခြင်း၊ ပြောပြီးသား အကြောင်းအရာတစ်ခုကို အထပ်ထပ်အခါခါ ပြောဆိုနေခြင်း စသည့်မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီး နိစ္စဓူဝကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အခက်အခဲရှိလာနိုင်သည်။ ရောဂါအစပိုင်းမှာ ဆေးကုသမှုခံယူနိုင်ပါက ရောဂါဆိုးရွားမှုကို နှေးကွေးစေပြီး ရောဂါလက္ခဏာများလည်း သက်သာစေပါသည်။ သို့သော် ထိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးမပေါ်သေးပါ။
သွေးလည်ပတ်မှုအထူးသတိပြု
ဘိုးဘွားအများစုတွင် ခြေသလုံးသွေးကြောထုံး ဝေဒနာကိုခံစားရလေ့ရှိပါသည်။ ခြေသလုံးသည် လူ့ခန္ဓာကိုယ်၏ ဒုတိယနှလုံးသား ဖြစ်သည့်အတွက် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် အသက်အရွယ်ရလာချိန်မှာ သွေးလည်ပတ်မှုကောင်းမွန်စေရန် အိပ်ရာထဲအမြဲလှဲနေ၊ ခွေနေခြင်းမပြုပါနှင့်။ လမ်းလျှောက်ပါ။ သစ်ပင်စိုက်ပါ သို့မဟုတ် လှုပ်ရှားတက်ကြွစွာနေပါ။ တီဗွီကြည့်နေချိန် သို့မဟုတ် ထိုင်နေစဉ်မှာပင် ခြေထောက်ကို အကွေးအဆန့် လေ့ကျင့်ခန်းလုပ်ပါ။ အသီးအရွက်များများစားပါ။
ဆေးလိပ်ဖြတ်ပါ။ ခြေထောက်ကို ဆား၊ ရေနွေးစိမ်ပါ။ လှဲအိပ်ချိန်မှာ ခြေထောက်အောက်တွင် ခေါင်းအုံး သို့မဟုတ် စောင်ပါးပါးခုခံထားပေးပါ။
အချုပ်အားဖြင့်ဆိုသော် သက်ကြီးကျန်းမာရေး ဟုဆိုရာ၌ ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ချမ်းသာ ပျော်ရွှင်ရေးလည်း ပါဝင်ပါသည်။ ထို့ကြောင့် သက်ရှည် ကျန်းမာစိတ်ချမ်းသာစေဖို့အတွက် စိတ်ရောကိုယ်ပါ တက်ကြွစွာ နေထိုင်ပါ။ မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ် ရင်းနှီးချစ်ခင်စွာနေထိုင်ပါ။ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသောက်ပါ။
အာဟာရစုံလင်စွာစားပါ။ အနှိပ်ခံပါ။ အိပ်ရေး၀၀ အိပ်စက်ပါ။ ဆေးလိပ်ဖြတ်ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်ဆေးသောက်ပါ။ ကျန်းမာရေးကို လျစ်လျူမရှုပါနှင့်။ သက်တမ်းစေ့နေနိုင်ကြပါစေဟု ဆန္ဒပြုရင်း။ ။
ပေါက်ပေါက်