ရန်ကုန်၊ အားကစား
လာမည့်နှစ်တွင် အသက် ၂၀ အောက် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းကို နေအိမ်၌ လေ့ကျင့်မှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန် ယူဆောင်ရွက်မည်ဖြစ် ပြီး ပဏာမကစားသမား ၃၀ ကျော် ယာယီရွေးချယ်ထားကြောင်း သိရသည်။ လက်ရှိတွင် COVID-19 ရောဂါအခြေ အနေကြောင့် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်နိုင်ခြင်းမရှိသော် လည်း ယင်းကစားသမားများအား နေအိမ်၌သာ လေ့ကျင့်ရမည့်အစီအစဉ်တချို့ကို အွန်လိုင်းမှတစ် ဆင့် ညွှန်ကြားထားကြောင်း သိရသည်။
“အာရှခြေစစ်ပွဲအတွက် ကြိုလေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် စခန်းသွင်းလေ့ကျင့်မှု မလုပ်နိုင်သေးပါ ဘူး။ ဒါကြောင့် နေအိမ်မှာပဲ လေ့ကျင့်မှုလုပ်နိုင်အောင် လေ့ကျင့်ခန်း အစီအစဉ်တွေကို တစ်ပတ် တစ်ခါ အွန်လိုင်းကတစ်ဆင့် ညွှန်ကြားပေးပါတယ်။ အဓိကက တစ်ဦးချင်းလေ့ကျင့်လို့ရတဲ့ ကြံ့ခိုင်မှု ပိုင်းကို ဦးစားပေးလုပ်ဆောင်စေပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၂ အာရှ ဖလား ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ များအတွက် အိမ်ရှင်နိုင်ငံများ ရွေးချယ်ခဲ့ရာ မြန်မာအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။
အာရှဖလား ယူ-၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စုပွဲစဉ်များကို ၂၀၂၁ ခုနှစ် မတ် ၁၃ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
ကိုရဲ