စကားပြောလိုက်တိုင်း ပါးစပ်ရွဲ့ပြီး မျက်နှာအလှပျက်စေသောရောဂါ ဖြစ်သည်။ အချို့က ပါးရွဲ့စတွင် ချက်ချင်းမသိသာသေး ရယ်မောလိုက်သောအခါမှ ပါးကြောတစ်ဖက်ဆွဲပြီး ရွဲ့စောင်းနေသည်ကို သတိထား မိကြသည်။ အစာစားသောအခါ ပါးစောင်တစ်ဖက်မှ ရေနှင့်အစာပြန်ထွက်ကျလျှင် အတော်ဆိုးသော ပါးရွဲ့ရောဂါဖြစ်သည်။
ပါးရွဲ့ရသော အကြောင်းရင်းများ
ပါးရွဲ့ခြင်း ဆိုသည်မှာ ဦးခေါင်းပိုင်းနှင့် မျက်နှာတစ်ခြမ်း သို့မဟုတ် အားလုံးအအေးပတ်ခြင်း၊ လေစိမ်းတိုက်ခြင်း၊ အဟုန်ဖြင့် လေတိုးခံရခြင်း (ဥပမာ ကား၊ ဆိုင်ကယ်အရှိန်ဖြင့် စီးခြင်း)၊ နေပူထဲမှပြန်လာပြီး ရေခဲရေသောက်ခြင်း၊ ရေခဲမုန့်စားခြင်း၊ ရေအေးချိုးခြင်း၊ ပန်ကာလေ၊ အဲကွန်းလေအေးခံခြင်း၊ အချိန်ကြာမြင့်စွာ ခေါင်းလျှော်ခြင်း၊ အမျိုးသမီးများတွင် သွေးပေါ်ပြီးချိန် ခေါင်းလျှော်ရာမှ သွေးဆင်းရန် ကျန်သေးလျှင် မီးယပ်သွေးပုပ် အခိုးအထက်တက်၍ ပါးရွဲ့သွားတတ်သည်။
အခြားအကြောင်းများလည်း ထပ်ပြီးရှိသည်။
(ဥပမာ) နားဖာချေးကလော်သော အလေ့အထရှိခြင်း၊ နားပြည်ယိုခြင်း၊ သွားနုတ်ခြင်း၊ ထုံဆေးဒဏ်၊ သွားဖာခြင်း၊ သွားအခေါင်းမှ ပိုးဝင်ခြင်း၊ ဦးနှောက်အတွင်းမှ အကျိတ်ရောင်ခြင်း၊ အာရုံကြောရောင်ခြင်း၊ ဦးနှောက်သွေးကြောအတွင်း အဆီခဲပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း စသည့်နက်ရှိုင်းသော ဆေးပညာ အကြောင်းရင်းခံများ ကြောင့်လည်း ဖြစ်တတ်သည်။
ပါးရွဲ့သူတွင် မျက်နှာတစ်ခြမ်းသေသွားခြင်း၊ ရွဲ့သောဘက် မျက်စိပိတ်မရ၊ မျက်ခုံးတစ်ဖက်ပင့်မရ၊ နှုတ်ခမ်းစူလျှင် မတည့်၊ ရယ်လျှင်၊ စကားပြောလျှင် ကောင်းသောမျက်နှာဘက်ခြမ်းမှ ဆွဲသွားခြင်းကြောင့် ရွဲ့ပြီး မျက်နှာတစ်ခြမ်းမလှုပ်နိုင်သောရောဂါဖြစ်၍ မျက်နှာတစ်ခြမ်း လေဖြတ်ခြင်း ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ အလွန်ကြည့်ရဆိုးပြီး အစာစားလျှင်၊ ရေသောက်လျှင် ရွဲ့သောနှုတ်ခမ်းထောင့်မှ ထွက်ကျ သည်။ ဗြုန်းခနဲမျက်စိမပိတ်နိုင် ပွင့်နေလေ့ရှိသည်။ ပွင့်နေသော မျက်စိမှမျက်ရည်များကျနေတတ်သည်။ မျက်စိနီရဲ လာတတ်သည်။
ပါးရွဲ့နှင့်ဆေးပညာအယူအဆများ
အနောက်တိုင်းဆေးပညာအယူအဆအရ ပါးရွဲ့ခြင်းမှာ ဦးနှောက်မှ တိုက်ရိုက်ထွက်လာသည့် အာရုံကြောအမှတ်(၇) Cranial nerve(7) ရောင်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ အာရုံကြော အရောင်ကျစေသော ကုထုံးဖြင့် ကုသပေးရသည်။
တိုင်းရင်းဆေးပညာအယူအဆမှာ မျက်နှာတစ်ခြမ်း အအေးပတ်ဖွဲ့ရာမှ တေဇောဓာတ်ငုပ်သွားပြီး ဝါယောဓာတ် မလှုပ်ရှားတော့ဘဲ ပါးတစ်ခြမ်း အကြောသေသွားသော ရောဂါမျိုး ဖြစ်သည်။ အအေးပတ်ဖွဲ့မှုပျက်ပြယ်ပြီး တေဇောဓာတ်ပြန် အားကောင်းအောင် ကုသပေးလျှင် ဝါယောဓာတ်ကလည်း ပြန်လည်လှုပ်ရှားလာမည် ဖြစ်သည်။
ကလေးပါးရွဲ့
ပါးရွဲ့ရောဂါသည် လူကြီးများတွင်သာမက ကလေးငယ်များတွင်ပါ ဖြစ်လေ့ရှိသော ရောဂါမျိုးဖြစ်သည်။
အတွေ့အကြုံအရ အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပါးရွဲ့၍ဆေးခန်းလာပြသည်။ ပါးရွဲ့ဆိုသည်မှာ သွေးတိုးနှင့်အအေးမိ၍ လေဖြတ်သော အသက်အရွယ်ကြီးသူများတွင်သာ ဖြစ်လေ့ရှိ သဖြင့် ဤမျှအသက်ငယ်သော ကလေးအရွယ်တွင် ဖြစ်ရသည်မှာ အလွန်ရှားသည်။
ကလေးငယ် ပါးရွဲ့ရခြင်းအကြောင်းရင်းကို မေးမြန်းကြည့်သောအခါ ထိုသို့မဖြစ်မီ အရင်တစ်နေ့က နေအလွန်ပူပြင်းချိန် မွန်းလွဲ ၂ နာရီခန့်တွင် ခေါင်းမှလောင်းပြီး ရေချိုးသည်။ ပူလွန်း၍ ရေချိုးသည်ဟု ဆိုသည်။ ထိုနေ့ ညနေပိုင်းတွင် ရေသန့်ရေခဲထုပ် ဝယ်ပြီး ရေဖန်ခွက်ထဲတွင် ရေခဲတုံးလေးများ စိမ်သောက်သည်။ ရေပျော်သွားသော ရေခဲတုံး သေးသေးလေးများကို တကျွတ်ကျွတ်နှင့် ဝါးစားသည်ဟုဆိုသည်။ ကလေး သဘာဝပူသောအခါ ရေခဲတုံးလေးများဝါးစားရခြင်းကို အကြိုက်တွေ့ပုံရသည်။
အကျိုးဆက်မှာ နောက်တစ်နေ့ နံနက်ထပြီး ထမင်းစားသောအခါ ပါးစပ်တစ်ခြမ်းမှ ထမင်းစေ့များ ထွက်ကျသည်။ ရေသောက်လျှင် ရေထွက်ကျသည်။ သေချာကြည့်မှ ပါးတစ်ခြမ်းရွဲ့နေမှန်းသိသည်။ ဘယ်ခြမ်းမှပါးရွဲ့လျှင်၊ ဘယ်ဘက်သို့ ပါးကြောဆွဲသွားလျှင် ဆန့်ကျင်ဘက် ညာဘက်မှမျက်စိပွင့်ပြီး ကျယ်နေ တတ်သည်။ မျက်စိပိတ်ခိုင်းလျှင် ဘယ်ခြမ်းမှာ ပိတ်ရပြီး ညာဘက်မျက်စိ ပိတ်မရတော့။ တစ်ဝက် တစ်ပျက် ပွင့်နေတတ်သည်။ ညာဘက်ခြမ်း ပါးပြင် ကြွက်သားအလုပ်မလုပ်တော့။ ထို့ကြောင့် ဘယ်ခြမ်းမှ ဆွံ့အသွားခြင်း ဖြစ်သည်။ ညာခြမ်းပါးကြွက်သား အလုပ်မလုပ် (ခေတ္တသေသွားခြင်းကြောင့်) ဘယ်ဘက်သို့ ဆွဲသွားသည်ကို အချို့က မသိနားမလည်သဖြင့် ဘယ်ပါးတွင် သံပရာသီး၊ ရှောက်သီးဖြင့် လှိမ့်ကြသူများရှိသည်။ ကောင်းနေသည့် ဘယ်ဘက်ပါး၊ ကြွက်သားပါရောင်ပြီး ပါးစပ်မဟနိုင်သည်ထိ ဖြစ်ရသည်ကို တွေ့ဖူးသည်။ ဆရာမညွှန်ကြားဘဲ အလွန် မလုပ်ကြရန်လိုသည်။
ပါးရွဲ့နှင့်လေဖြတ်ခြင်း
လူကြီးများတွင် သွေးတိုးကြောင့် လေဖြတ်သောအခါ ပါးပါရွဲ့သွားသည်ကို တွေ့ရသည်။ အချို့မှာ လျှာပါစောင်းရွဲ့ သွားသဖြင့် စကားမပီတော့ ဗလုံးဗထွေးဖြစ်သွားသည်ကို တွေ့ရသည်။ ညာခြမ်းလေဖြတ်လျှင် ဤသို့ ဖြစ်တတ်သည်။ ဦးနှောက် ဘယ်ဘက်အခြမ်းသည် ခန္ဓာကိုယ်ညာဘက်အခြမ်းလှုပ်ရှားမှု အပြင် စကားပြောသည့် အာရုံကြောကိုပါ ထိန်းချုပ်သည်ဟု ဆိုသည်။
အမျိုးသမီးငယ်များတွင် သွေးပေါ်ပြီး နောက်ဆုံး ရက်တွင် ခေါင်းလျှော်ရာမှပါးရွဲ့သည်ကို မကြာခဏ တွေ့ရသည်။ ခေါင်းလျှော်ရုံသာမက ခေါင်းလျှော်ပြီး ပန်ကာလေခံသော မိန်းကလေးတစ်ဦးမှာ မျက်ကျယ်ပါးရွဲ့ ခေါ် မျက်စိတစ်ဖက် လုံးဝပိတ်မရသည့် ပါးရွဲ့ရောဂါဖြစ်သည်ကို တွေ့ရဖူးသည်။
လူငယ်ကျောင်းသားတစ်ဦးမှာလည်း ပူအိုက်၍ သမံတလင်းပေါ်တွင် အဝတ်ပါးခင်းကာအိပ်ရာ သမံတလင်းဘက်ကပ်အိပ်သည့် ပါးတစ်ခြမ်းရွဲ့သွားသည်။
ထိုကဲ့သို့ပင် ပူအိုက်၍ တစ်ညလုံးပန်ကာဖွင့်အိပ်သူ လူငယ်တစ်ဦးမှာလည်း ပန်ကာလေထိသည့်အခြမ်းမှ ပါးရွဲ့သွားသည်ကို တွေ့ရသည်။
ကားပြတင်းပေါက်ဖွင့်အိပ်၍ လေတိုးခံရာမှ ပါးရွဲ့သူလည်းရှိသည်။ ဆိုင်ကယ်စီးသူများသည် လေတိုက်သည့်အခါ မျက်နှာကိုကာသည့် မှန်အုပ်ဆောင်းပါသော ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းခြင်းဖြင့် ကာကွယ်နိုင်သည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ အောက်မျက်ခမ်း၊ အထက်မျက်ခွံမျက်စလှုပ်ခြင်းများမှာလည်း ပါးရွဲ့မည့် ရှေ့ပြေးလက္ခဏာများ ဖြစ်တတ်သဖြင့် သတိပြုသင့်သည်။ အောက်မျက်ခမ်းလှုပ်သဖြင့် ဗေဒင်နိမိတ် ကျမ်းဖတ်ရှုနေသူ မိန်းကလေးတစ်ဦး ပါးရွဲ့သည်ကိုတွေ့ဖူးသည်။
နားကလော်ခြင်းကို ဇိမ်ခံသည့်အနေဖြင့် မကြာခဏ ပြုလုပ်ခြင်းကြောင့်လည်း နားစည်နှင့်အောက်နားမှ အာရုံကြောရောင်ပြီး ပါးရွဲ့သောရောဂါလည်းရှိသည်။
ပါးရွဲ့လျှင် ဆေးမြီးတိုဆေးနည်းတို့နှင့်ကု၍မရပါ။ တတ်ကျွမ်းသော အကြောပြင်၊ အကြောအထူးကု သမားတော်နှင့်သာပြ၍ ကုသသင့်ပါသည်။
အကြောပြင်ပညာ
စာရေးသူသည် ပါးရွဲ့လေဖြတ်ရောဂါကို တိုင်းရင်းဆေးနှင့်အကြောပြင်တွဲဖက်ကုသခြင်းစာတမ်းဖြင့် ၁၉၈၄ ခုနှစ်က တိုင်းရင်းဆေးပညာဒီပလိုမာဘွဲ့ရရှိခဲ့သူ ဖြစ်သည်။ စာရေးသူလက်တွေ့ပျောက်ကင်းသူ ပါးရွဲ့လူနာ ၁၅ ဦး၏ ကုသမှုကိုပုံများနှင့်တကွ တင်ပြသော လက်တွေ့ကုစာတမ်းဖြစ်သည်။
ပါးရွဲ့လူနာ ရာပေါင်းများစွာကုသခဲ့ဖူးပါသည်။
တိုင်းရင်းဆေး စားဆေး၊ လိမ်းဆေးအပြင် အကြောပြင်ခြင်း၊ စုတ်ပေါက်ကုသခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ မျက်နှာအရောင်ကျစေရန်ဆေးကပ်ခြင်း၊ မှိုင်းရှူဆေးပေးခြင်းတို့ပါ လိုအပ်သလိုထောင့်စုံကုသရသော ရောဂါမျိုးဖြစ်သည်။
ထို့ပြင် လူနာကလည်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်မှသာ ကောင်းစွာပျောက်ကင်းနိုင်သော ရောဂါမျိုး ဖြစ်သည်။
၁။ လေအေး၊ လေစိမ်းတိုက်ခံခြင်းမှရှောင်ကြဉ်ပါ။
၂။ ပါးရွဲ့သည့်အခြမ်းမှ မျက်စိပိတ်မရဖြစ်လေ့ရှိသဖြင့် ပိုးကောင်မဝင်စေရန်ကာကွယ်ထားပါ။
၃။ မျက်စိကို စူးရှသော အလင်းရောင်များ ထိခြင်းမှ ကာကွယ်ပါ။ အလင်းကာသောနေကာမျက်မှန် တပ်ထားပါ။
၄။ စကားများများပြောလျှင် ပါးပိုရွဲ့တတ်သဖြင့် စကားပြောခြင်းကို တတ်နိုင်သမျှရှောင်ပါ။ လျှော့ပါ။
၅။ မျက်စိနှင့် ဦးနှောက်အာရုံကြောများ အနားရစေရန် ဖုန်းကြည့်ခြင်း၊ ကွန်ပျူတာသုံးခြင်းများ ပါးရွဲ့ကုသနေစဉ် နားထားပါ။
၆။ အာရုံကြောရောင်စေသောအစားအစာများ(ဥပမာ- နီသောအသားများ၊ ဝမ်းတွင်းသားများ၊ ပဲပင်ပေါက်၊ မျှစ်ချဉ်၊ ခရမ်းချဉ်သီးပန်ထွေဖျော်၊ အုန်းထမင်း၊ ဒံပေါက်၊ ရေခဲရေ စသည်များ)ရှောင်ကြဉ်ပါ။
၇။ အိပ်ရေးပျက်ခြင်းသည် ကိုယ်ခံအားကိုကျစေသဖြင့် အိပ်ရေးဝအောင် အိပ်ပါ။
၈။ မျက်နှာကို ကုသပေးသောဆရာကသာ လိုအပ်သလို ပြုပြင်ပေးပါလိမ့်မည်။ မိမိသဘောဖြင့် နှိပ်ခြင်း၊သံပရာသီး၊ ရှောက်သီးလှိမ့်ခြင်းများ မပြုလုပ်ရပါ။
၉။ ပါးရွဲ့ရောဂါသည် စိတ်ရှည်ရှည် ကုသရသောရောဂါမျိုး ဖြစ်သည်။ တစ်ပတ်မှ တစ်လအထိကုသရသော ရောဂါမျိုး ဖြစ်သည်။ အနေအထိုင်မဆင်ခြင်လျှင်၊ ကုသမှုမှားလျှင် တစ်သက်လုံးပါးရွဲ့ သွားတတ်သည်။ အထူးဆင်ခြင်ပါ။ ။
ကြည်လွင်မြင့်(မုဒြာ)