ငြိမ်းချမ်းခြင်းရဲ့အရသာဆိုတာ မငြိမ်းချမ်းတဲ့အဖြစ်ဆိုးကို ကြုံဖူးမှ ပိုပြီးနားလည်ပါလိမ့်မယ်။ စာရေးသူကို မွေးဖွားခဲ့တာ မြစ်ဝကျွန်းပေါ်ဒေသက မြို့ကလေးတစ်မြို့မှာပါ။ လက်ရှိ အခြေအနေမှာတော့ မြစ်ဝကျွန်းပေါ် ဒေသဆိုတာ လက်နက်ကိုင်ပဋိပက္ခ လုံးဝချုပ်ငြိမ်းတဲ့ နယ်မြေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ အဲဒီနေရာဒေသဟာ သေနတ်သံတွေ ညံမစဲနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသပါပဲ။ သေနတ်သံတွေ ရပ်စဲသွားဖို့ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ အစိုးရနဲ့ပြည်သူလက်တွဲပြီး သောင်းကျန်းသူတွေကို ချေမှုန်းခဲ့လို့ ယနေ့မျိုးဆက်သစ်တွေကို အမွေကောင်းတွေ ခံစားနေကြရတာပါ။ အေးချမ်းတည်ငြိမ်စွာနဲ့ လှုပ်ရှားသွားလာ နေထိုင်ခြင်းဟာ လက်နက်ကိုင်ပဋိပက္ခတွေ မရှိတော့တဲ့ အကျိုးကျေးဇူးပါပဲ။
ငြိမ်းချမ်းရေးခြေလှမ်းများ
လက်နက်ကိုင်တွေရှိနေတဲ့ နေရာဒေသက ပြည်သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာနာမိပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်သံတွေ မကြားရတော့ဘဲ လူတိုင်းကိုယ်စီစိတ်သွားတိုင်း ကိုယ်ပါဆိုသလို သွားချင်တဲ့နေရာသွား၊ စားချင်တဲ့ အစားအသောက်တွေစားပြီး အေးအေးချမ်းချမ်းနေရတဲ့ အဖြစ်မျိုးကို ကြုံစေချင်ပါတယ်။ ဒီကနေ့အချိန်အခါမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်သံတွေ၊ တက်ရောက်လာတဲ့ အဖွဲ့တွေ၊ ဝမ်းသာအားရကြိုဆိုနေကြတဲ့ ပြည်သူတွေရဲ့ မြင်ကွင်းတွေမြင်တွေ့လာရတော့ စာရေးသူရင်ထဲမှာ ကြည်နူးမိပါတယ်။ ပြည်သူ တစ်ရပ်လုံးကလည်း ဒီလိုပဲခံစားကြရမှာပါ။
မှတ်မှတ်ရရ ဝမ်းသာမိတဲ့နေ့တစ်နေ့ကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ စာသားကပင် ကြည်နူးဖွယ်ကောင်းလွန်းပါတယ်။ တကယ်ပဲ ပစ်သံခတ်သံတွေချုပ်ငြိမ်းပါစေ၊ ဒေသခံပြည်သူတွေ (ကျွန်တော်တို့ မြစ်ဝကျွန်းပေါ် ဒေသလို)အေးအေးချမ်းချမ်း နေနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။ စိတ်ကူးထဲမှာပင် ကြည်နူးနေမိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့စလုံး လက်မှတ်ရေးထိုး ကြတော့မယ့် ဆဲဆဲမှာ နှောင့်ယှက်သူ ပေါ်လာလို့ အဲဒီတုန်းက အဖွဲ့ရှစ်ဖွဲ့လက်မှတ် ရေးထိုးခဲ့ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA)ဟာ တကယ်တော့ လွယ်လွယ်ကူကူနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ လေ့လာမိသလောက်ပြောရရင် NCA စာချုပ်ဖြစ်ပေါ်ဖို့အတွက် နှစ်နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးခဲ့ရာမှ အစပြုတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက ထွက်ပေါ်လာသည့် ရလဒ်တစ်ခု ဖြစ်ပါတယ်။
NCA ဖြစ်ပေါ်မှုအဆင့်ဆင့်
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက်လိုင်ဇာထိပ်သီးညီလာခံမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရေးဆွဲဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မတ် ၈ ရက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ညှိနှိုင်းမှု အဖွဲ့(NCCT)တို့တွေ့ဆုံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့တယ်။ ၂၀၁၄ ခုနှစ် ဧပြီ ၈ ရက်မှာ နှစ်ဖက်မှ တင်ပြလာကြတဲ့ အချက်အလက်တွေကို စုစည်းပြီး တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA Single Text)အဖြစ် ပေါင်းစည်း ရေးသားနိုင်ခဲ့တယ်။ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်မှာတော့ တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း)ရရှိခဲ့တယ်။ ၂၀၁၅ ခုနှစ် ဇွန်၂ ရက်မှာ လောခီးလာထိပ်သီးညီလာခံ ကျင်းပပြီး အထက်ပါ စာချုပ်မူကြမ်းကို ဆွေးနွေးညှိနှိုင်းကြတယ်။ သြဂုတ် ၇ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ကြပါတယ်။
ပထမစာချုပ်မူကြမ်းမှ NCA စာချုပ်အထိ သဘောတူညီမှုရရှိအောင် (၆)ကြိမ်ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီမှုရရှိကာ NCA စာချုပ်အချောကိုရေးဆွဲ အတည်ပြုခဲ့ကြတာဖြစ်တယ်။ စာချုပ်ဖြစ်ပေါ်လာပေမယ့် အားလုံးညီညီညွတ်ညွတ်လက်မှတ်ရေးထိုးဖို့ ကိစ္စကျန်ပါသေးတယ်။ ဒါ့ကြောင့်အဲဒီတုန်းက နိုင်ငံတော်သမ္မတက တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး NCA စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဖိတ်ခေါ်ခဲ့တယ်။ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ခေါ်ပြီး နောက်တစ်လ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ တက်ရောက်ပြီး NCA ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေကတော့-
၁။ ကရင်အမျိုးသားအစည်းအရုံး(KNU)
၂။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)
၃။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)
၄။ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)
၅။ ချင်းအမျိုးသားတပ်ဦး(CNF)
၆။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (RCSS/SSA-S)
၇။ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)
၈။ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့ဖြစ်တယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ မွန်ပြည်သစ်ပါတီ(NMPS)နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့အတွက် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိခဲ့တယ်။
နိုင်ငံတော်အကြီးအကဲရဲ့ သဝဏ်လွှာ
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့သည့် (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ပေးပို့သည့် သဝဏ်လွှာမှာ မိမိတို့အစိုးရသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ယင်းအတွက် မိမိအစိုးရမှ ခိုင်ခိုင်မာမာ အာမခံပြီးဖြစ်သည်။ ထို့ကြောင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းခြင်းဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိဦးတည်သွားနေသည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအား သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပြီး ပြည်သူမှ ရွေးချယ်ပေးသည့် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာရေးအား အားပေးကူညီရာ ရောက်မည်ဖြစ်သည် ဟုဖော်ပြထားသည်။
NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA စာချုပ်ပိုမိုခိုင်မာစေရေး၊ NCA မှာလက်မှတ်မရေး ထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ လက်ရှိအခြေအနေထက်ပိုမိုတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် NCA စာချုပ်တွင်ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဖိတ်ခေါ်လျက် ရှိပါတယ်။ အတိတ်ကို မသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည် ဟူ၍ နိုင်ငံတော်အကြီးအကဲက မိန့်ဆိုထားပါတယ်။ အစိုးရတွေ ဘယ်လိုပင်ပြောင်းပြောင်း မိမိတို့နိုင်ငံဟာ ပြည်ထောင်စု မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ အားလုံးဟာ ွျှန မေန ပြညောမေ ဆိုတဲ့ စိတ်ဓာတ်အပေါ် အခြေခံကြရမှာ ဖြစ်တယ်။
တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခြင်း များနဲ့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုအရ ဃြဗ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုး ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့တို့ ဆွေးနွေးဖို့စီစဉ်လျက် ရှိရာမှာ အဖွဲ့ရှစ်ဖွဲ့မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်တိုင် ကိုယ်ကျတွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့ နှစ်ဖွဲ့နဲ့လည်း ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။ အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုင်းပြည်ရဲ့ ပကတိအနေအထားနဲ့ ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက် သည်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စတာတွေကို အသေးစိတ် အကျေအလည် ဆွေးနွေး အဖြေရှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်း မရှိသေးတဲ့ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့်စေလိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ထပ်မံဖိတ်ခေါ်ထားပါတယ်။ တက်ရောက်ဆွေးနွေးမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စား အဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် နှစ်ဦးရဲ့အမည်စာရင်းကို ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်နောက်ဆုံးထား၍ ပြန်ကြားပေးရန် အသိပေးထုတ်ပြန်ထားတယ်။
မပြောဘဲ နေတာကြာလာတဲ့အခါ မစဉ်းစားဖို့လည်း ပိုပြီးလွယ်လာတယ် ဆိုတဲ့စကားရပ်အတိုင်း အမိနိုင်ငံအတွက် အဓိကလိုအပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ရပ်တန့်နေ၍မဖြစ်နိုင်ပါ။ ပြောနေ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့တိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ အစဉ်အမြဲကိန်းအောင်းနေမှာဖြစ်တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတံခါးဖွင့်လှစ်ထားရှိကြောင်း အတိအလင်းကြေညာထားပြီးဖြစ်တယ်။ ဒါ့ကြောင့်မို့ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေပြီး ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်စေလိုလျှင်၊ အမြင်မတူညီမှုတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အမှီသဟဲပြု၊ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်စေလိုလျှင်၊ အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကို လက်ဆင့်ကမ်းလိုပါလျှင် တိုင်းပြည်နှင့်လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးစိတ်၊ မိမိဒေသကို ချစ်မြတ်နိုးစိတ်ရှိသည် ဆိုပါလျှင် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုကို ယုံယုံကြည်ကြည် လက်ခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ လှမ်းကြွခဲ့ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ပါတယ်။ ။
ကောင်းမြင့်နိုင်