မြန်မာ့သမိုင်းစဉ်တွင် ပရိုင်းမိတ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလ သမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း၊ ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းဖြစ်သော သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာ့ သမိုင်းအဖွဲ့မှ မူကြမ်း ရေးသားပြုစုထားပြီး ဖြစ်ကြောင်း သိရှိရသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော် သုတေသန တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ ၏ သုတေသနပြု ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ဖြစ်အောင် ရေးသားနေခြင်းဖြစ်သည်။
ထိုသို့ရေးသားမှုများကို ပြည်သူများ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် လက်တွေ့တူးဖော်သုတေသန ပြုသည့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်များက ကျောက်ခေတ်ကာလ သမိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရှေးဟောင်းသုတေသနဦးစီးဌာန ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် ကျောက်ခေတ်ဦး သို့မဟုတ် ကျောက်ခေတ်ဟောင်းကာလ၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်များကို အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီး ကြေးခေတ်၊ သံခေတ်များသို့ ကူးပြောင်းထွန်းကားခဲ့သည်။ မြန်မာနိုင်ငံ၏သမိုင်းခေတ်များနှင့်ပတ်သက်၍ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီက ပညာရှင်
များစုဖွဲ့ပြုစုရေးသားထုတ်ဝေခဲ့သော အခြေပြ မြန်မာနိုင်ငံရေးသမိုင်းကို ကိုးကားခဲ့ကြရသည်။ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ်သည့် ယခုကာလတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျောက်ခေတ်သမိုင်းစဉ်ဆိုင်ရာ သုတေသနပြုမှု အကြိမ်ပေါင်းများစွာမှ အသစ်အသစ်သော တွေ့ရှိချက်များ တွေ့ရှိခဲ့သည်။
မြန်မာလူမျိုးများသည် မြန်မာ့ရေမြေတွင် ပေါက်ဖွားကြီးပြင်းလာပြီး သမိုင်းခေတ်ကာလ အဆင့်ဆင့်ကို ကျော်ဖြတ်လျက် ယနေ့ခေတ်ကာလအထိ ရောက်ရှိခဲ့သည်ကို ခိုင်ခိုင်မာမာဖော်ထုတ်နိုင်ပြီး မိမိနိုင်ငံနှင့် မိမိတို့သမိုင်းအတွက် ဂုဏ်ယူနိုင်မည် ဖြစ်သည်။ သမိုင်းစဉ်ကို ပြုစုရေးသားကြရာတွင် သုတေသန တွေ့ရှိချက်များနှင့် ခိုင်မာသည့် သက်သေအထောက်အထားများအပေါ် ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယာဟူသော အဂတိ တရားတို့ ကင်းစင်သော ပညာရှင်ကြီးများ တွေ့ဆုံ၍ သမိုင်းစဉ်အလိုက် ဆွေးနွေးမှု ပြုလုပ်ဆောင်ရွက် နေခြင်းမှာ နိုင်ငံနှင့်လူမျိုးအတွက် အလွန်အကျိုးရှိလှသည်။
ထို့အတူသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် အချို့ခေတ်များမှာ များစွာ ပီပြင်ပုံပေါ်လာပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သမိုင်းခေတ်များကို ပြန်လည်ပြင်ဆင်ရေးသားထုတ်ဝေရန် လိုအပ်လာပြီဟု သိရှိရသည်။ သမိုင်းဖြစ်စဉ်ပြောင်းလဲ ဖြစ်တည်မှု အမှန်များကို ပြည်တွင်း/ပြည်ပ သုတေသီများ၊ ကျောင်းသား လူငယ်များ၊ ပြည်သူလူထုများသိရှိကိုးကားနိုင်မည်ဖြစ်ပေသည်။ မြန်မာ့မြေပေါ်တွင် လူသားတို့ စတင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ကတည်းကပင် ဖြစ်ကြောင်း ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်း များက အတည်ပြုထားပြီး ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြေပေါ်တွင် ကျောက်ခေတ်ဟောင်း(ဧရာဝတီတစ်ကြောနှင့်ပြဒါးလင်းဂူ) မှစပြီး ကျောက်ခေတ်လယ် (ချင်းတွင်းမြစ်ကမ်း)၊ ကျောက်ခေတ်သစ် (လက်ပံခြေပေါ်)၊ ကြေးခေတ် (ညောင်ကန်)၊ သံခေတ်(တောင်သမန်၊ ဗိဿနိုး)နှင့် မျက်မှောက်ခေတ် အဆင့်ဆင့်ဟူ၍ ယဉ်ကျေးမှု အဆက်ဆက်ကို ကွင်းဆက် မိမိရှာဖွေတွေ့ရှိပြီး ဖြစ်ရာ မြန်မာ့မြေပေါ်၌ မြန်မာတည်းဟူသော တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် ကျောက်ခေတ်ကတည်းက ယဉ်ကျေးမှု စတင်ရှိခဲ့ကြသည်။ ထို့ပြင် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေလေ့လာရေး အဖွဲ့က ရှာဖွေတွေ့ရှိထားသော လူသားမျိုးနွယ်၏မူလအစ အဆင့်မြင့် လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများအရ လွန်ခဲ့သည့်နှစ်သန်းပေါင်း(၄၀)မှစ၍ လူသားမျိုးနွယ် ပရိုင်းမိတ်များ မြန်မာ့မြေပေါ်တွင် ပေါက်ဖွားရှင်သန် တိုးတက်ပြောင်းလဲလာသည်ဟု ဆိုသည်။
မြန်မာ့သမိုင်းအတွက် အကိုးအကားပြုစရာ စနစ်တကျခိုင်ခိုင်မာမာသုတေသနပြုရေးသားထား သည့်စာအုပ် စာတမ်း ရှားပါးပြီး နိုင်ငံခြားသား သမိုင်းပညာရှင်များ ရေးသားခဲ့သည့် သမိုင်းစာအုပ်များ၊ မြန်မာ့သမိုင်းပညာရှင် အချို့၏စာအုပ်များ၊ ပဒေသရာဇ်ခေတ် ရာဇဝင်ကျမ်းစာအုပ်များသာ ရှိခဲ့သည်။ နိုင်ငံခြားသား သမိုင်းပညာရှင်တို့က မြန်မာနိုင်ငံသမိုင်းအပေါ် လိုရာဆွဲ၍ ပုံပျက်ပန်းပျက်ရေးသား ကောက်ချက်ချခဲ့ခြင်းကို ပြန်လည်ချေပထားသည့် မျိုးချစ်စိတ်ဓာတ်ရှိသူ မြန်မာပညာရှင်များ၏ စာအုပ်များလည်း ရှိခဲ့သည်။
မည်သို့ပင်ဖြစ်ခဲ့ပါစေ၊ ယခုအခါခေတ်မီနည်းပညာများ၊ တွေ့ရှိချက်အမှန်များဖြင့် ပညာရှင်ကြီးများက မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းဖြစ်သော သမိုင်းစဉ်ကို ပြုစုလျက်ရှိရာ အောင်မြင်ပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။