မြိုင်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ Drone ယာဉ်ဖြင့် လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅ လသားအရွယ် အမြွှာကလေးငယ် ၁ ဦး နှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကျန်အမြွှာကလေးငယ် ၁ ဦးနှင့် မိသားစုဝင် ၃ ဦးဒဏ်ရာရရှိ

မြိုင်မြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ Drone ယာဉ်ဖြင့် လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅ လသားအရွယ် အမြွှာကလေးငယ် ၁ ဦး နှင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ကျန်အမြွှာကလေးငယ် ၁ ဦးနှင့် မိသားစုဝင် ၃ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ ဇွန်- ၂၃

NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ အစွန်းရောက်နိုင်ငံရေးအယူဝါဒများကို အခြေခံ၍ ဒေသအချို့၌ အစိုးရရုံး အဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အဦ၊ လမ်းတံတားများ၊ ဘုရားကျောင်းကန်များ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများနှင့် စေတီပုထိုးများ၊ ကျေးရွာနှင့် ပြည်သူလူထုအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခြင်းများ အပြင် အပြစ်ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်သည်ဟုအကြောင်းပြ၍ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပြည်သူ့ဆေးရုံများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း  Drone ယာဉ်များအသုံးပြု၍ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ခြင်းများ အထိပါ အကြမ်းဖက် လုပ်ရပ်များ ကျူး လွန်လျက်ရှိကြသည်။

ထို့သို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ Drone ယာဉ်ဖြင့် လေ ကြောင်းမှ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဇွန် ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထန်းဘူးတောကျေးရွာ၌ အပြစ်မဲ့ ၅ လသား အရွယ် အမြွှာ ကလေးငယ် ၁ ဦးနှင့် အသက် ၆၇ နှစ် အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး ကျန်အမြွှာကလေးငယ် ၁ ဦးနှင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထန်းဘူးတောကျေးရွာ၌ ရိုးသားစွာ လက်သမားလုပ်ငန်းလုပ်ကိုင်သည့် ဦးစိန်မောင်(ဘ)ဦးပြူးနှင့် မိသားစုဝင်များသည် နေအိမ်၌ရှိနေစဉ် ဇွန် ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်ဗုံး များအား Drone ယာဉ်၌ ချိတ်ဆွဲ၍ ၎င်းတို့၏နေအိမ်ပေါ်သို့ ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့ ဖြုတ်ချ ခဲ့ရာ နေအိမ်ရှေ့သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ဒေါ်စောနွယ် ၆၇ နှစ်(ဘ) ဦးရေချမ်း နှင့် ၅ လသားအရွယ် အမြွှာကလေးငယ် ယောကျ်ားလေး ၁ ဦးတို့တွင် (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး  ကျန်အမြွှာကလေးငယ် ၁ ဦးနှင့် မိသားစုဝင် ၃ ဦးတို့တွင်လည်း ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့သော်လည်း ဒေါ်စောနွယ်နှင့် ၅ လသားအရွယ် အမြွှာကလေး ၁ ဦးတို့သည် ရရှိဒဏ်ရာများဖြင့် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော အရပ်ဘက် နေအိမ်အဆောက်အဦများ၊ အရပ်သားပြည်သူများအပေါ် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန် ခြင်းဖြစ်ပြီး အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်မှုကိုကျူးလွန်ခဲ့သူများအား ပြည်သူလူထု တစ်ရပ်လုံးမှ ရွံရှာစက်ဆုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့အား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။