နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့်မူပိုင်ခွင့်

ယနေ့ခေတ်တွင် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုးရ၊ ဌာနဆိုင်ရာများ၊ စွန့်ဦးတီထွင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် ပိုမိုအရေးပါလာသည်။

လူတစ်ဦးချင်းအတွက် မူပိုင်ခွင့်သည် အရေးကြီးသည့် ကဏ္ဍတွင်ရှိနေသလို  နိုင်ငံတစ်နိုင်ငံအတွက်လည်း မူပိုင်ခွင့်သည် အရေးကြီးလှပေသည်။ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုကဏ္ဍကို မြင့်မားတိုးတက်အောင် အကောင်အထည်ဖော်ရာတွင် မူပိုင်ခွင့်ကို အကာအကွယ်ပေးခြင်းစနစ်တစ်ရပ် ရှိရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇွန် ၃ ရက်တွင် ကျင်းပခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၂)အမှာစကား၌ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့် အကာအကွယ်ပေးခြင်း စနစ်တစ်ရပ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ Globalization ခေတ်တွင် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုးရ၊ ဌာနဆိုင်ရာများ၊ စွန့်ဦးတီထွင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်ပါ  မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် ပိုမိုအရေးပါပြီး အရေးကြီးသည့် ကဏ္ဍတစ်ရပ် အနေဖြင့် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်   မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက်၍   ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊   စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ပြဋ္ဌာန်းထားရှိသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အခြေခံမူ အခန်း- ၁၊ ပုဒ်မ- ၃၇ အပိုဒ်ခွဲ(ဂ)တွင် နိုင်ငံသားများ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်ဟုလည်းကောင်း၊ အခန်း (၈)၊ ပုဒ်မ- ၃၇၂ တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စရပ်များကိုဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံ၍ လည်းကောင်း တာဝန်ပေးထားပြီး ဖြစ်သည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)တွင် ပါဝင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော နိုင်ငံတော်တွင် တီထွင်ဖန်တီးမှုကို အခြေပြုသည့် စီးပွားရေး လုပ်ငန်းများပိုမိုဖွံ့ဖြိုးလာစေရန်နှင့်  ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာနိုင်စေရေးအတွက် ဆောင်ရွက်ရာတွင် မူပိုင်ခွင့်စနစ် ကျင့်သုံးခြင်းသည် များစွာ အထောက်အကူပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက်  အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများအကြား  မူပိုင်ခွင့်ဆိုင်ရာပူးပေါင်း

ဆောင်ရွက်မှု သဘောတူညီချက်အရ အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်ကို  အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်စီးဆင်းမှု တိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သည်။

မူပိုင်ခွင့်ဆိုသည်မှာ    မိမိဖန်တီးထားသောစွမ်းဆောင်ချက်ကို    အကာအကွယ်ပေးခြင်း ဖြစ်သည်။မူပိုင်ခွင့် ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ ဖန်တီးထားသော အရာအားရောင်းချခြင်းဖြင့် ဝင်ငွေရရှိစေမှုကို အထောက်အကူပြုမည်ဖြစ်သည်။ မူပိုင်ခွင့်ရှိသူ၏   ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း၊    တုပပြုလုပ်ခြင်း တို့ကို လုပ်ဆောင်ပါက   တရားဥပဒေအရ အရေးယူခံရမည်သာ ဖြစ်သည်။   မူပိုင်ခွင့်ဥပဒေ ပေါ်ပေါက်လာခြင်းသည် ဆန်းသစ်တီထွင်သူတို့အတွက်  များစွာအကာအကွယ်ရှိနေသလို  ဆန်းသစ်တီထွင်မှုကို အတုအပပြုလုပ်ခြင်း၊ အလွဲသုံးစားပြုခြင်းတို့မှ ကင်းဝေးမည်ဖြစ်သည်။

မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံး ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူ ဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေ ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့် နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရနှင့်ပြည်သူအတူ လက်တွဲ၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။