စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ
၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို မုံရွာမြို့ ပြည်သူ့ အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံ အားကစားရုံကြီး၌ ဇွန်၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
ဘတ်စကက်ဘောပြိုင်ပွဲ အမျိုးသား ပွဲစဉ်တွင် ဗိုလ်လုပွဲအဖြစ် ပင်လည်ဘူးမြို့နယ် ကိုယ်စားပြု အသင်းနှင့် ကသာမြို့နယ် ကိုယ်စားပြု အသင်းတို့ယှဉ်ပြိုင်ကစားရာ ကသာမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆုပေးပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဆုရရှိသည့် အမျိုးသား/အမျိုးသမီး အားကစားသမားများ၊ တတိယဆုရရှိသည့် မုံရွာမြို့နယ် အမျိုးသမီးအသင်း၊ တတိယဆုရရှိသည့် အင်းတော်မြို့နယ် အမျိုးသားအသင်း၊ ဒုတိယဆုရရှိသည့် ကသာမြို့နယ်အမျိုးသမီး အသင်းနှင့် ပင်လည်ဘူးမြို့နယ် အမျိုးသား အသင်း တို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လည်းကောင်း၊ ပထမဆုရရှိသည့် အင်းတော်မြို့နယ် အမျိုးသမီးအသင်းနှင့် ကသာမြို့နယ် အမျိုးသား အသင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဆုဖလားများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲသို့ အင်းတော်၊ ကသာ၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ရေဦးနှင့် စစ်ကိုင်းမြို့နယ်တို့မှ အမျိုးသားအသင်း ၆ သင်းနှင့် အင်းတော်၊ ကသာမြို့နှင့်မုံရွာမြို့တို့မှ အမျိုးသမီး အသင်း ၃ သင်းတို့ဖြင့် ဇွန် ၂၀ ရက်မှ ၂၄ ရက်ထိ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။