Covid-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ် သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၈

 

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Covid-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ များကို လက်ခံ ကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှ စတင်လက်ခံ၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့လက်ခံကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၂၂၄ ပါး၊ အရပ်သား ၈ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၃၈ ပါးနှင့် အရပ်သား ၄ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၇၈၆ ဦးတို့ကို အသီးသီးလက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအနက် လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ ၁၄၉ ဦးသည် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ယနေ့တွင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများသို့ တပ်မတော်နှင့်တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ထိုသို့ တပ်မတော်က နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များအပေါ် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာနှင့် နေထိုင်စားသောက်မှုများ ဆောင်ရွက်ပေးနေသူတို့၏ ရင်တွင်းစကားသံ များကို ယခုလိုကြားသိ ခဲ့ရပါသည် -

 

“ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ တပ်မတော်က ဆေးအဖွဲ့ရော၊ စားသောက်ရေး ချက်ပြုတ်ကျွေးမွေးတဲ့ အဖွဲ့တွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တင် မဟုတ်ပါဘူး။ ဒီတစ်ဆောင်လုံးကသူတွေကပါ အားလုံးက လုပ်ပေးတာတွေ အကုန်လုံးကို ကျေးဇူးတင်တယ်ဆိုတဲ့ အကြောင်းကို တဖွဖွပြောနေကြတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်မှာဆို ဒီလိုမျိုးဂရုမစိုက်ကြပါဘူး။ သူတို့က ငြိုငြင်စိတ်မရှိဘူး။ လုပ်ပေးတယ်။ ဒါကြောင့် အကုန်လုံးက ကျန်းမာပါစေ၊  ချမ်းသာပါစေဆိုပြီး  ဆုတောင်းပေးတယ်။ မေတ္တာတွေလည်းပို့ကြပါတယ်”ဟု ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့   တပ်မတော်သားတွေ အနေနဲ့ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် ဆိုရင် နေရာမရွေး၊ အချိန်မရွေး အမြဲတမ်း အသင့်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ခံယူပြီးတော့ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။  ခုလိုဆရာတော်၊   သံဃာတော်တွေကို  လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ အတွက်လည်း  ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ဝမ်းသာပီတိဖြစ်မိပါ

တယ်။ ကျွန်တော်တို့တပ်မတော်သားတွေအနေနဲ့ ဆရာတော်၊ သံဃာတော်တွေ အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့  သာသနာ့ အကျိုးကို  ဒီထက်မကထမ်းဆောင်နိုင်ဖို့ ပြီးတော့ ဆရာတော်တွေရဲ့ သီလ၊ သမာဓိ ပညာစွမ်းအားကြောင့် အမြန်ဆုံးပြန်ပြီးတော့ ကျန်းမာလာမယ်လို့လည်း ကျွန်တော်တို့အနေ နဲ့ယုံကြည်ပါတယ်”ဟု ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေး ဆောင်ရွက်ပေးနေသူ ဗိုလ်ကြီးရဲမာန်အောင် ကပြောသည်။