ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည်သူများသို့ နယ်မြေခံတပ်မတော်သားများက Mask များ အခမဲ့ ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၈
ကမ္ဘာ့ကပ်ရောဂါ Covid-19  ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပ ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Covid-19  ရောဂါဟန့်တားမှုအပိုင်းတွင် ထိရောက်မှုရှိစေသည့် Mask များကို မဖြစ်မနေတပ်ဆင်ကြရန် လိုကြောင်း၊ ဝယ်ယူရန်မတတ်နိုင်သောသူများကို အခမဲ့ပေးဝေနိုင်ရေး အတွက် ဆောင်ရွက် ရမည်ဖြစ်ပြီး တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့ကြောင့် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၀)ရပ်ကွက်၊ ဒညင်းကုန်းလမ်းဆုံ၊ အုတ်စက် စက်ရုံအရှေ့နှင့် သီလရှင် စာသင်တိုက်အရှေ့တို့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက Mask ၁၀၀၀၀ ခုအား ပြည်သူများ လက်ဝယ်ထံအရောက် အခမဲ့ပေးဝေလှူဒါန်းကြသည်။
တပ်မတော်အနေဖြင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ကာကွယ်မှုအပိုင်းတွင် အခြေခံကျဆုံး အသုံးပြုသည့် Mask များကိုလည်း အခမဲ့ဖြန့်ဝေလှူဒါန်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။