နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင် စိုက်ပျိုးပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင် စိုက်ပျိုးပေး

နေပြည်တော် ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တောသယံ ဇာတ များ ရေရှည်တည်တံ့စေရန်၊ မြို့ပြနှင့်ကျေးလက်များ စိမ်းလန်းစိုပြေ သန့်ရှင်း သာယာလှပစေရန်၊ ပြည်သူများ အပန်းဖြေနားနေစရာ စိမ်းလန်းမြေများဖွံ့ဖြိုးလာ စေရန်နှင့် သစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံနှင့်အဝှမ်းကျင်းပနေကြခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၏ မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များကသစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံ ဟတ်တာခန့်ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံ ဟတ်တာခန့်သာ ကျန်ရှိတော့သည်ကို သိရှိရကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများ သည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့သစ်တောဧရိယာ၏ ၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်လျက်ရှိ သော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟတ်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့သည်ကို လေ့လာသိရှိရကြောင်း။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် သစ် တောပြုန်းတီးမှုဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုပါက သစ်တောများကို စည်းမဲ့ ကမ်းမဲ့အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများစိုက်ပျိုးခြင်း၊ ထင်းနှင့်မီးသွေးလောင်စာများ အလွန်အကျွံထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြို့ပြနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေများနှင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် သစ်တောမြေများမှ အခြားမြေအသုံးချမှုကို ပြောင်းလဲ ခြင်းဖြစ်ပေါ်စေပြီး  သဘာဝသစ်တောဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်းလာနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုကြောင့် လူသားများအသက်ရှင်ရပ်တည်ရေးအတွက် ကြီးများသည့် ခြိမ်းခြောက်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ တိမ်ကောလာစေပြီး  ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းနှင့် တစ်ဖက်တွင်လည်း ရေများညစ်ညမ်းလာပြီး ရေချို အရင်းအမြစ်များခမ်းခြောက်ဆုံးရှုံးလာခြင်း၊ မြေဆီလွှာများပြုန်းတီးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ဆုံးလျော့နည်းလာခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ကြုံ တွေ့နေရကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂက “ဂေဟစနစ်ပြန်လည်ကောင်းမွန်ရှင်သန်ရေး ကုလသမဂ္ဂ ဆယ်စုနှစ်ကြေညာချက်(၂၀၂၁-၂၀၃၀)” ကိုထုတ်ပြန်ခဲ့ရာတွင် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဘေးအန္တရာယ်များ တွန်းလှန်တိုက်ဖျက်နိုင်ရေး၊ သန်းပေါင်းများစွာသော မျိုးစိတ်များ လျော့ပါးပျောက်ကွယ်လာမှုကို တားဆီးကာကွယ်နိုင်ရေးနှင့် အစားအစာ ဖူလုံမှု၊ ရေထောက်ပံ့မှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ သေချာခိုင်မာစေရေး တို့ အတွက် ပျက်ဆီး၊ ပြုန်းတီးလာနေသည့် ဂေဟစနစ်များကို ပြန်လည်ရှင်သန် ကောင်းမွန်လာစေရေး တွန်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း။

မိမိတို့မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည့်အတွက် သစ်တောဖုံးလွှမ်းမှု ပိုမိုလျော့နည်းမသွားစေရေး၊ သစ်တောပြုန်းတီးမှုလျှော့ချရပ်ဆိုင်း နိုင်ရေး၊ သဘာဝတောများထိန်းသိမ်းရေး၊ သစ်တောများပြန်လည်ထူထောင်ရေး၊ သစ်တောမြေမှ အခြားမြေအဖြစ်ပြောင်းလဲအသုံးချမှုမရှိစေရေး၊ အမြဲတမ်းသစ်တော နယ်မြေအတွင်းသာမက သစ်တောမြေပြင်ပ သဘာဝတောများ ထိရောက်စွာ ထိန်းသိမ်းနိုင်ရေးတို့အတွက် သစ်တောမူဝါဒများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသား များအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးတိုက်တွန်းလိုကြောင်း။

ယနေ့ကမ္ဘာတွင် မြို့ပြလူဦးရေထူထပ်လာခြင်း၊ စက်မှုလုပ်ငန်းများတိုးချဲ့လာ ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်နိုင်ရေးအတွက် လမ်းဘေးဝဲယာ သစ်တောများ၊ စိမ်းလန်းမြေ(Green Spaces) များ၊ ဥယျာဉ်များ၊ ပန်းခြံများပါဝင်သည့် မြို့ပြသစ်တောများ(Urban Forests) စသည်တို့စိုက်ပျိုးထိန်းသိမ်းခြင်းကို အထူး အလေးပေးဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရကြောင်း။

မြို့ပြသစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းမှတစ်ဆင့် ပြည်သူလူထု စိတ်ပျော် ရွှင်ကျန်းမာရေးအတွက် စိမ်းလန်းစိုပြေသည့် အပန်းဖြေနားနေစရာနေရာများ တိုးပွားလာစေခြင်း၊ မြို့ပြ၏ ရေသံသရာစက်ဝန်းကို ထိန်းညှိပေးနိုင်ပြီး မြေအောက် ရေထိန်းသိမ်းပေးခြင်းဖြင့် ကောင်းမွန်သည့် သောက်သုံးရေရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စိတ်ချမ်းမြေ့စရာ ပတ်ဝန်း ကျင်ကို ဖန်တီးပေးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးနိုင်ခြင်း၊ မြေဆီလွှာကောင်းမွန် စေပြီး မြေယာရှုခင်းများ ထိရောက်စွာထိန်းသိမ်းနိုင်ခြင်းကြောင့် ကမ္ဘာ့သက်ရှိများ တည်မြဲရေး(Life on Land) ကို အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း။

နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် မြို့ပြသစ်တောစိုက်ပျိုး ထိန်းသိမ်း ရေးလုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်များက စတင်ပြီး ထိထိရောက်ရောက် ဆောင် ရွက်ခဲ့သည့်အတွက် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး နွေရာသီတွင် အပူချိန်လျော့နည်းခဲ့ခြင်း၊ သမမျှတသည့် ရာသီဥတုကို ရရှိခဲ့ခြင်းများကြောင့် စိမ်းလန်း ပြီး သန့်ရှင်းသည့် မြို့ပြတစ်ရပ်တည်ထောင်နိုင်ခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် လက် တွေ့ ခံစားသိမြင်နိုင်ကြသည်ကို အားလုံးအသိဖြစ်ကြောင်း။

ယနေ့သစ်ပင်စိုက်ပျိုးပွဲပြုလုပ်သည့်နေရာသည် ကမ္ဘာတွင်အကြီးဆုံးဖြစ်လာ မည့်မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ရှိရာကို နေပြည်တော်မှဝင်ရောက်ရာ အဓိက လမ်းဖြစ်သော စံပယ်လမ်းဖြစ်ကြောင်း၊ ယင်းလမ်းကို အမြဲတမ်းစိမ်းလန်း သာယာ စေရန် ပန်းအခြေခံသည့် နှစ်ရှည်ပင်များဖြစ်သည့် ကန့်ကော်၊ စိန်ပန်းနှင့် ခရေပင်များ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ယခုလမ်းကြီးကို ၄ လမ်းသွားအဖြစ် ဆောင်ရွက်လျက်ရှိ ကြောင်း။

ထို့ကြောင့် နေပြည်တော်ကို သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပသည့် Green and Clean City အဖြစ် ရှေရှည် တည်ထောင်နိုင်ရေးနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များတွင်လည်း ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and Clean Cities များတိုးမြှင့်  ဆောင်ရွက်နိုင်ရေးတို့ကို အမြော်အမြင်ကြီးကြီးဖြင့် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု (Green Campaing) များ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်း သူ လူငယ်မျိုးဆက်သစ်များကို ပူးပေါင်းပါဝင်စေခြင်းသည် အနာဂတ်မျိုးဆက်သစ်များ အတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြေပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်း သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သည့် ပတ်ဝန်းကျင် နှင့်ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရေးသည် အရေးကြီးသည်ဆိုသည့် အသိစိတ်ကို ရရှိစေပြီး သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်စိုပြည် သာယာလှပရန်အတွက် လူငယ် များ ကလည်းပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာတွင် မြေပေါ်မြေအောက် သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် အမွေအနှစ်များကို နောင်အနာဂတ်မျိုးဆက်များတိုင်အောင် လက်ကမ်းပေးနိုင်ရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည် မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံ့စေရေး၊ မြို့ပြသစ်တောများ နှင့် ကျေးရွာပိုင်ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသရှိ ဒီရေ တောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြစ်ချောင်းနှင့် ဆည်တာတမံများ ရေရှည် ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲသစ်တောများ တည်ထောင်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်နှင့်အတူ မျိုးဆက် သစ်လူငယ်များအပါဝင် တိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် “စိမ်းလန်း သာယာသည့် နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြဖို့” ထပ်မံ တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။        

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က ကံ့ကော်ပင်များ ကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် စံပယ်လမ်းဝဲယာ၌ ပျိုးပင်များကို အသီးသီး စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားအခမ်းအနားသို့ တက်ရောက်လာကြသူများ တပျော်တပါးပျိုးပင်များ စိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင် စုစုပေါင်း ၆၅၂ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသတင်း ရရှိသည်။