အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ မန္တလေး၊ ရန်ကုန်၊ တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
နေပြည်တော် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မန္တလေး၊ ရန်ကုန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့ တွင်ပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် ချမ်းမြသာစည် တောင်ရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် တိုင်းဒေသကြီး အဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မန္တလေးမြို့ အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စား လှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၆၁၁ ဒသမ ၅၇ ကီလိုကျော်၊ ဘိန်းဖြူ ၈၁၀ ကီလိုကျော်၊ စိတ်ပကြွရူးသွပ် ဆေးပြား ၄၇ သန်းကျော်၊ အိုက်စ် ၇၃၅၆ ကီလိုကျော်၊ ကက်တမင်း ၃၁၆ ကီလိုကျော်၊ ဆေးခြောက် ၁၁၆ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၆ မျိုးနှင့် ဓာတုပစ္စည်း ကိုးမျိုးတို့၏ စုစုပေါင်း တန်ဖိုး ငွေကျပ် ၃၁၆ ဒသမ ၇၇ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၇၁ ဒသမ ၂၃ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁ ဒသမ ၅၀ ကီလို၊ ဘိန်းဖြူ ၁၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သန်းကျော်၊ အိုက်စ် ၇၅၉၉ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလို ကျော်၊ ကက်တမင်း ၁၃၄၅ ကီလိုကျော်၊ ဆေးခြောက် ၄၆၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ခုနစ်မျိုးတို့၏ စုစုပေါင်း တန်ဖိုးငွေကျပ် ၃၅၆ ဒသမ ၆၈ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၁၉၂ ဒသမ ၈၀ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်း၌ပြုလုပ်သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားနှင့် တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စု ပင်စုံကျေးရွာ ဖြုန်းကျောက်တောင်အနီး၌ ဖမ်းဆီးရမိထိန်းချုပ် ဓာတုပစ္စည်းများကို မြေမြှုပ်ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် ပြည်နယ်အဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၂၀၄၁ ဒသမ ၈၀ ကီလိုကျော်၊ ဘိန်းဖြူ ၉၆၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ သန်းကျော်၊ အိုက်စ် ၈၆၉၇ ကီလိုကျော်၊ ကက်တမင်း ၃၆၂ ကီလိုကျော်၊ ဆေးခြောက် ၁၃၀ ကီလိုကျော်၊ ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၈ မျိုးနှင့် ဓာတုပစ္စည်း ၄၀ မျိုး စုစုပေါင်း တန်ဖိုးငွေကျပ် ၅၁၅ ဒသမ ၃၆ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၂၇၈ ဒသမ ၅၇ သန်းကျော်)ကို ဖျက်ဆီးခဲ့သည်။
ယခု ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး ပွဲ အခမ်းအနားများကို မန္တလေး၊ ရန်ကုန်၊ တောင်ကြီး သုံးနေရာတွင်ကျင်းပရာတွင် ဘိန်း ၂၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၉၄၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလိုကျော်၊ ကက်တမင်း ၂၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော် အပါအဝင် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်)တို့ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း အများအပြား ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။