Covid-19  ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို တပ်မတော်က သွားရောက်လှူဒါန်း

 နေပြည်တော်၊ အောက်တိုဘာ - ၈

လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် အောက်ဆီဂျင်သည် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ယခုအခါ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုသည် နေ့စဉ်တိုးပွားလျက်ရှိပြီး ၎င်းရောဂါမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သဖြင့် ရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်အသုံးပြုမှုသည် အဓိကအရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်လာကာ နေ့စဉ်နှင့်အမျှ အသုံးပြုမှုများပြားလာခြင်း ကြောင့် အောက်ဆီဂျင်လိုအပ်မှုအခက်အခဲ ရင်ဆိုင်လာခဲ့ရသည်။ ထို့ကြောင့် Covid-19 ရောဂါကုသရေးတွင်  ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များ ရှိလာပါက အောက်ဆီဂျင် အိုးများ လှူဒါန်းနိုင်ရေးအတွက် တပ်မတော်က အောက်ဆီဂျင်ထုတ်လုပ်သည့် စက်များကို ကောင်းအောင်စီစဉ်ထားရန်နှင့် အောက်ဆီဂျင်အိုးများကို တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်လှူဒါန်းပေးနိုင်ရန် လိုအပ်ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို သွားရောက်လှူဒါန်းပေးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ် အိမ်ရာ Covid-19 ရောဂါကုသရေးဌာနမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းစစ်ဌာနချုပ် သို့ အောက်ဆီဂျင်လိုအပ်လျက်ရှိကြောင်း ဆက်သွယ်လာသဖြင့် တပ်မတော် Oxygen Plant မှ ထုတ်လုပ်သော အောက်ဆီဂျင်ဖြည့်သွင်းထားသည့် အောက်ဆီဂျင်အိုး အလုံး ၅၀ ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တပ်မတော်မော်တော်ယာဉ်များဖြင့် ညတွင်းချင်း သွားရောက်ပို့ဆောင် လှူဒါန်းပေးခဲ့ပြီး လူနာများအား စတင်ကုသပေးလျက်ရှိသည်။

 အလားတူ ယနေ့တွင်လည်း သက်ဆိုင်ရာဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက ဆက်သွယ်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၁ လုံးအားလည်း ကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) ရိုးမ(၁)၊ ဒဂုံဆိပ်ကမ်း(၂) ရိုးမ(၂)တို့ရှိ Covid-19 ရောဂါကုသရေးဌာန များသို့ အောက်ဆီဂျင်အိုး အလုံး ၆၀ အားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန် အထူးကုဆေးရုံ(ဝေဘာဂီ)သို့ အောက်ဆီဂျင်အိုး အလုံး ၂၀ အားလည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၃၄ လုံးအား လည်းကောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တပ်မတော် Oxygen Plant  များ၌ အောက်ဆီဂျင်များဖြည့်သွင်းပြီး တပ်မတော် မော်တော်ယာဉ်များဖြင့် အသီးသီး သွားရောက်ပို့ဆောင်လှူဒါန်းကြသည်။

ထိုသို့ သွားရောက်လှူဒါန်းခဲ့သော အောင်မြင်းမိုရ်အိမ်ယာရှိ Covid-19 ရောဂါကုသရေးဌာနတွင် ပိုးတွေ့လူနာ ၂၀၈၈ ဦး၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးတွင် ပိုးတွေ့ လူနာ ၁၆၁ ဦး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) ရိုးမ(၁)၊ ဒဂုံဆိပ်ကမ်း(၂) ရိုးမ(၂)တို့ရှိ Covid-19 ရောဂါကုသရေးဌာနများ၌ ပိုးတွေ့လူနာ ၂၀၀၈ ဦး၊ ရန်ကုန်အထူးကု ဆေးရုံ(ဝေဘာဂီ)တွင် ပိုးတွေ့လူနာ ၉၅ ဦးနှင့် ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးတွင် ပိုးတွေ့လူနာ ၁၇၁ ဦးတို့အား လက်ခံကုသပေးလျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် Covid-19 ရောဂါကုသရေးဆေးရုံများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြည့်ဆည်း လှူဒါန်းသွားမည် ဖြစ်ကြောင်း နှင့် တပ်မတော် Oxygen Plant  တွင်တာဝန်ထမ်းဆောင် နေသူများ၏ စကားသံများအား အောက်ပါအတိုင်း ကြားသိရပါသည်--

 

“ကိုဗစ်မဖြစ်ခင်မှာ     ကျွန်တော်တို့ အောက်ဆီဂျင်ဌာနအနေနဲ့    တစ်နေ့ကို အောက်ဆီဂျင်အလုံးရေ   ၄၀   ကနေ ၅၀ ကြား ပုံမှန်ထုတ်လုပ် ပေးနေပြီးတော့ အခု ကိုဗစ်ကာလမှာဆိုရင် အဲဒီထက်ပိုမိုတိုးတက်ထုတ်လုပ်ပေးနေပါတယ်။  လက်ရှိ ထုတ်နေတဲ့ အရေအတွက်ထက်ကို တစ်ဆတိုးမြှင့်ပြီး အလုံး ၉၀ လောက်ထိကို ထုတ် လုပ်ဖြန့်ဖြူး ပေးနေပါတယ်။ ကျွန်တော်တို့ အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးရေးဌာန အနေနဲ့ လက်ရှိတပ်မတော်ဆေးရုံ/ဆေး တပ်ရင်းတွေကို အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးပေးနေတဲ့အပြင်    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်အရ ပြည်သူတွေအတွက် COVID-19 ကာကွယ် စောင့်ရှောက်ကုသမှုပေးနေတဲ့ ကုသရေး စင်တာတ ွေအတွက်ဆိုရင် အောက်ဆီဂျင် လိုအပ်လာလို့ရှိရင်လည်း ပြည့်စုံလုံလောက် စွာပေးနိုင်ဖို့အတွက် ကျွန်တော်တို့အသင့် ပြင်ဆင်ထားရှိပါတယ်။    အဲဒီအတွက် ကျွန်တော်တို့ဆီမှာ အသုံးပြုနေတဲ့ အောက်ဆီဂျင်စက်တွေရဲ့ခံနိုင်ရည်အား တွက်ချက် ပြီး သုံးနာရီမောင်း  တစ်နာရီနားစနစ်နဲ့ စက်တွေကိုအနားပေးပြီးတော့ အောက်ဆီ ဂျင်လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ စနစ်တကျပြင်ဆင်ထားရှိပါတယ်”ဟု တပ်မတော်သားဖွားမီးယပ်နှင့်   ကလေးဆေးရုံ(ခုတင်-၃၀၀)မှ   ဗိုလ်ကြီးအောင်ကိုကိုက ပြောသည်။

“အောက်ဆီဂျင်အိုးတွေ ဖြည့်ဆည်းတဲ့အခါမှာ ပုံမှန်အတိုင်းဆိုရင်တော့ ၁ နာရီအတွင်းမှာ ၁၀ လုံးဝန်းကျင်လောက် ပုံမှန်အောက်ဆီဂျင်ထွက်ပါတယ်။ စက်ရဲ့သတ်မှတ်ချက်အရ အိုးတစ်လုံးကို ၁၅၀၀ ပေါင်အထိ ဖြည့်ပါတယ်။ သတ်မှတ်ထားတာက တော့ကုဗပေနဲ့တွက်ရင် ၂၂၀ ကုဗပေရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ တနင်္လာကနေ သောကြာအထိ ပုံမှန်ရုံးချိန်အတွင်းမှာ ပုံမှန်လာထုတ်လုပ်ပါတယ်။ များသောအားဖြင့် ထုတ်လုပ်တာကတော့ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာသုံးရက်ကိုထုတ်ပြီးတော့ စနေ၊တနင်္ဂနွေ (Emergency) အရေးပေါ် လိုအပ်တဲ့အခါမှာ တာဝန်အရာရှိကို သတင်းပို့ပြီးတော့ ကျွန်တော်တို့တာဝန်အရာရှိရဲ့ ညွှန်ကြားချက်နဲ့   စက်မောင်းတာဝန်သူနာပြု အရာရှိက ဘယ်သူ၊ ဓာတ်ငွေ့ဖြည့်တဲ့ဆရာက ဘယ်သူဆိုတာ တာဝန်ချထားမှုနဲ့ စနစ်တကျ လုပ်ဆောင်ပါတယ်။ အဲလိုလုပ်ဆောင်ပြီးတိုင်းလည်း စာရွက်စာတမ်းတွေနဲ့ သတင်းပို့ဆောင်ရွက်မှုတွေ အမြဲတမ်းလုပ်ပါတယ်။ ပုံမှန်ကတော့  တပ်ရင်း/တပ်ဖွဲ့ငါးခုကို သတ်မှတ်ပေးထားပြီးတော့ ခုချိန်မှာတော့ လုပ်ငန်းရဲ့လိုအပ်ချက်အရသော်လည်း ကောင်း၊ အထက်ဌာနရဲ့ ညွှန်ကြားချက်အရ သော်လည်းကောင်း၊ လိုအပ်တဲ့ Quarantine Centre တွေရဲ့ လိုအပ်တဲ့အောက်ဆီဂျင် ပမာဏကိုအမြဲတမ်း ကျွန်တော်တို့ဘက်က အဆင်သင့်ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ် ဟု တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)မှ   တပ်ကြပ်ကြီးအောင်လွင်ဦးက ပြောသည်။