ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

နေပြည်တော်  ဇွန်  ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်  မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌  မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁)မှ မဟာယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက် အသင်းက မဟာယူနိုက်တက် အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ စအောင် ပြည့်ကို၏ သွင်းဂိုးဖြင့် ပထမပိုင်းကို ဦးဆောင်နေခဲ့ပြီး  မဟာယူနိုက်တက်အသင်းမှ  သူရမင်းနိုင်က   ခြေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း  ရှမ်းယူနိုက်တက်အသင်းမှ  မက်ခ်စီဂျီက ထပ်မံဂိုးသွင်းယူခဲ့သည့်အတွက်  ရှမ်းယူနိုက်တက် အသင်းက   နှစ်ဂိုး၊   မဟာယူနိုက်တက် အသင်းက   တစ်ဂိုးရရှိခဲ့သည်။

ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ခြေစွမ်းအသာဖြင့်ဦးဆောင်ကစားခဲ့ပြီး မက်ခ်စီဂျီနှင့် စအောင်ပြည့်ကိုတို့ ထိုးဖောက်ကစားနိုင်ခဲ့သောကြောင့် မဟာယူနိုက်တက် အသင်းအတွက်  ပေးဂိုးများရင်ဆိုင် တွေ့ကြုံခဲ့ပြီး  ရှမ်းယူနိုက်တက်အသင်းမှ  မက်ခ်စီဂျီ၊  ရဲမင်းသူနှင့် တည်ငြိမ်မင်းတို့က အနိုင်ဂိုးများ ဆက်တိုက် သွင်းယူနိုင်ခဲ့သည်အတွက်  ဒုတိယပိုင်းပွဲပြီးချိန်တွင်   ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲပထမအကျော့ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ စတင်ယှဉ်ပြိုင် ကစားလျက်ရှိရာ ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအက်ဖ်စီအသင်းကို  နှစ်ဂိုးပြတ်ဖြင့် လည်းကောင်း၊ ဇွန် ၂၆ ရက် ပွဲစဉ်တွင်  ဟံသာဝတီယူနိုက်တက် အသင်းက  ဧရာဝတီယူနိုက်တက် အသင်းကို  နှစ်ဂိုးပြတ်ဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းက  မဟာယူနိုက် တက်အသင်းကို  ၅ ဂိုး- ၁ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါ  ပထမအကျော့ပွဲစဉ်များကို သြဂုတ် ၂၅ ရက်အထိလည်းကောင်း၊ ဒုတိယ အကျော့ပွဲစဉ်များကို စက်တင်ဘာ ၃ ရက် မှ နိုဝင်ဘာ ၆ ရက်အထိ လည်းကောင်း သုဝဏ္ဏကွင်း၌ တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း   သိရသည်။

ကျော်လွင်