(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ပထမ နေ့ကျင်းပ

(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ပထမ နေ့ကျင်းပ

နေပြည်တော်၊ ဇွန် - ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat တို့က အမှာစကားများ အသီးသီးပြောကြားပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန်မိတ်ဆက်ကြသည်။

ထို့နောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့် အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကိုဆက်လက်ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ခိုင်လင်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး Gen. Satorn Sireyanon နှင့် မြန်မာ-ထိုင်းနယ်ခြားကော်မတီ အဖွဲ့ဝင်များက (၃၃)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်း အဝေးမှတ်တမ်းအားပြန်လည်သုံးသပ်ခြင်း၊  ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာကိစ္စရပ် များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက်ဆွေးနွေး ကြပြီး ညနေပိုင်းတွင် အစည်းအဝေးကိုရပ်နားခဲ့ကြောင်း သတင်းရရှိသည်။