ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းလှေတစ်စီးပေါ်မှ ငွေကျပ် သိန်းပေါင်း ၂၅၀၀၀၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဇွန် - ၂၈
ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၅ ရက် ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် မသင်္ကာဖွယ် စက်လှေ ၁ စီးအား တွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် မီးအချက်ပြခေါ်ယူခဲ့သော်လည်း စက်လှေမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မြေပုံမြို့နယ်၊ ကျွန်းသာယာအနောက်တောင်ဘက် ၉ မိုင်ခန့်အကွာသို့အရောက်၌ လှေသားများမရှိတော့သော အဆိုပါစက်လှေအား တွေ့ရှိခဲ့သည်။
အဆိုပါ စက်လှေအား သွားရောက်စစ်ဆေးခဲ့ရာ အလျား ၆၇ ပေ၊ အနံ ၁၉ ပေ၊ ရေစူး ၁၀ ပေခန့်ရှိ ငါးဖမ်းစက်လှေဖြစ်ကြောင်းသိရှိရပြီး စက်လှေပေါ်မှ ငါးဖမ်းပိုက်များ ဖြင့် ဖုံးအုပ်ထားသည့် ICE မူးယစ်ဆေး ဆာလာအိတ် ၁ အိတ်လျှင် ၂၀ ကီလိုဂရမ်ပါ အိတ် ၅၀(စုစုပေါင်းခန့်မှန်း တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅၀၀၀၀ ကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် စက်လှေနှင့် မူးယစ်ဆေးဝါးများအား ကျောက်ဖြူမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။