နေပြည်တော်တိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၈

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိတပ်နယ်၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဆက်လက်၍ ဆုပေးပွဲကို ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့် အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီးအသင်း ၁၁ သင်းတို့ဖြင့် ဇွန် ၈ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြကြောင်း သတင်းရရှိသည်။