သစ်ပင်စိုက်ပျိုး ပြည့်ကောင်းကျိုး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်)

၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရန်၊ မြို့ပြနှင့်ကျေးလက်များ စိမ်းလန်းစိုပြည်သန့်ရှင်း သာယာလှပစေရန်၊ ပြည်သူများအား အပန်းဖြေ အနားယူစရာ စိမ်းလန်း မြေများဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံနှင့်အဝှမ်းကျင်းပလျက်ရှိ သည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ကောင်းလှသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၆ ရက်က ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ကျင်းပသော ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကာအမှာစကား ပြောကြားရာ၌ “နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု (Green Campaign) များ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့ကျောင်းသား၊ ကျောင်းသူ လူငယ်မျိုးဆက်သစ်များကို ပူးပေါင်းပါဝင်စေခြင်းသည် အနာဂတ်မျိုးဆက်သစ်များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်း စိုပြည်ပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရေးသည် အရေးကြီးသည်ဆိုသည့် အသိစိတ်ကိုရရှိစေပြီး သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည် သာယာလှပရန်အတွက် လူငယ်များကလည်းပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာကြီးတွင် သစ်တောပိုင်ဆိုင်မှု တဖြည်းဖြည်းလျော့ပါးလာခြင်းနှင့်အတူ အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင်လည်း သစ်တော ပိုင်ဆိုင်မှုလျော့နည်းလာကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း သစ်တောပိုင်ဆိုင်မှု လျော့နည်းလာသည်ကို သတိပြုမိသောကြောင့် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများကျင်းပကာ သစ်ပင်ပေါင်းမြောက်မြားစွာ စိုက်ပျိုးပေးလျက်ရှိသည်။ လူပေါင်းများစွာ၏ လုပ်အားစွမ်းရည်ဖြင့် သစ်ပင်ပေါင်းများစွာ ပြန်လည်စိုက်ပျိုးနေခြင်းမှာ အနာဂတ်မျိုးဆက်သစ်တို့အတွက် ကောင်းသော အမွေပေးနေခြင်းလည်း ဖြစ်သည်။ စိုက်ပျိုးပြီးသမျှ သစ်ပင်များရှင်သန်ရေးကို အထူးဂရုစိုက်ကြရသဖြင့် သစ်ပင် စိုက်ပျိုးဖြစ်ထွန်းမှုများ အောင်မြင်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုကို ပြန်လည်လေ့လာကြည့်လျှင် ၂၀၀၀ ပြည့်နှစ်က နိုင်ငံ့ဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိသည့်အတွက် သစ်တောဖုံးလွှမ်းမှု ကျဆင်းလာနေကြောင်း သိရှိရသည်။ သစ်တော ဖုံးလွှမ်းမှုလျော့နည်းလာခြင်းမှာ သစ်တောများကို စည်းမဲ့ကမ်းမဲ့အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးမှုရှိနေသေးခြင်း၊ ထင်း နှင့်မီးသွေးလောင်စာများ အလွန်အကျွံထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြို့ပြနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် သစ်တောမြေများမှ အခြားမြေအသုံးချမှုကို ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး သဘာဝ သစ်တောဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်းလာနေကြောင်း တွေ့ရှိရသည်။

သစ်တောပြုန်းတီးမှုကြောင့် လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများဖြစ်သည့် ရာသီဥတု ပြောင်းလဲဖောက်ပြန်လာခြင်း၊ မြစ်၊ ချောင်း၊ ကန်များတိမ်ကောလာစေပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းနှင့် တစ်ဖက်တွင်လည်း ရေများညစ်ညမ်းလာပြီး ရေချိုအရင်းအမြစ်များ ခန်းခြောက် ဆုံးရှုံးလာခြင်း၊ မြေဆီလွှာများပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံး လျော့နည်းလာခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများကို ကြုံတွေ့နေရသည်။ ဤသည်မှာ ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့နေရသော ဆိုးကျိုးများဖြစ်သည်။ ကမ္ဘာကြီး၏ အခြားတစ်ဖက်တွင် မိုးသည်းထန်စွာရွာ သွန်းနေသော်လည်း အခြား တစ်ဖက်တွင်မိုးခေါင်မှုဒဏ်ကို ပြင်းထန်စွာခံစားနေရပြီး ငတ်မွတ်ခေါင်းပါးမှု ဘေးကြုံတွေ့နေရသည်မျိုးလည်း ရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုကောင်းမွန်ရေးကိုရည်ရွယ်ကာ သစ်ပင်များ စိုက်ပျိုး ပေးလျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဇွန် ၂၆ ရက်က သစ်ပင်စိုက်ပျိုးပွဲပြုလုပ်သည့်နေရာသည် ကမ္ဘာတွင် အကြီးဆုံးဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ရှိရာသို့ နေပြည်တော်မှဝင်ရောက်ရာ အဓိကလမ်းမှာ စံပယ်လမ်း ဖြစ်သည်။ ထိုလမ်းကို အမြဲတမ်းစိမ်းလန်းသာယာစေရန် ပန်းအခြေခံသည့် နှစ်ရှည်ပင်များဖြစ်သည့် ကံ့ကော်၊ စိန်ပန်းနှင့်ခရေပင် များစိုက်ပျိုးခြင်းဖြစ်သည်။ ထိုလမ်းကြီးကို ၄ လမ်းသွားအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြသစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၀၇- ၂၀၀၈ ခုနှစ်များကစတင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် စိမ်းလန်းစိုပြည်သည့်ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး နွေရာသီတွင် အပူချိန်လျော့ နည်းခဲ့ခြင်း၊ သမမျှတသည့် ရာသီဥတုကိုရရှိခဲ့ခြင်းများကြောင့် စိမ်းလန်းပြီးသန့်ရှင်းသည့် မြို့ပြတစ်ရပ် တည်ထောင်နိုင်ခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် လက်တွေ့ခံစားသိမြင် နိုင်ကြပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်သစ်ပင်စိုက်ပျိုးခြင်းသည် တိုင်းပြည်ကောင်းကျိုး စီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။