စလင်းမြို့ မြင်တင်ရပ်ကွက်၌ နေအိမ်လေးလုံးမီးလောင်မှုဖြစ်ပွား

စလင်း၊ မီးလောင်မှု

မကွေးတိုင်းဒေသကြီး စလင်းမြို့ မြင်တင်ရပ်ကွက် ထီးကြီးဘုရားလမ်း၌ ဇွန်၂၇ ရက် ည ၁၂ နာရီခွဲခန့်တွင် ဒေါ်ဝင်းဝင်းမော် အသက် ၄၈ နှစ် (ဘ) ဦးဘိုကေ၏ နေအိမ်မှစတင်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဒေါ်ဝင်းဝင်းမော်၏ (၂၀ x ၁၅) ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ်တစ်လုံး၊ ဦးသန်းမြ၏ (၂၀ x ၁၅) ပေ ဝါးကြမ်းခင်း၊ ထရံကာ၊ ဝါးသက်ငယ်မိုးနှစ်ထပ်နေအိမ်တစ်လုံး၊ ဦးအောင်ကျော်မိုး၏ (၂၀ x ၁၅) ပေ အုတ်ခံဝါးကြမ်းခင်း၊ ထရံကာ၊ သွပ်မိုးနှစ်ထပ်နေအိမ်တစ်လုံး၊ ဦးစန်းမြင့်၏ (၂၀ x ၁၅) ပေ အုတ်ခံပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနှစ်ထပ်အိမ်တစ်လုံး စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၈၇၅၀၀၀ ခန့်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းဗိုလ်ဦးဆောင်သော တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများစုပေါင်း၍ မီးသတ်ရေသယ်ယာဉ်များ၊ မီးငြှိမ်းသတ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၂နာရီ ၅၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။   

 မြို့နယ်(ပြန်/ဆက်)