I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

နေပြည်တော်  ဇွန်  ၂၉

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁) မှ  I.S.P.E အက်ဖ်စီအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက်အသင်းကို  ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပထမပိုင်း ပွဲကစားချိန် ၅ မိနစ်အတွင်း မှာ I.S.P.E အသင်း  နောက်တန်းကစားသမား တစ်ဦးလက်ထိမှုကြောင့် ကွင်းလယ်ဒိုင် ဆုံးဖြတ်ချက်အရ ရခိုင်ယူနိုက်တက် အသင်းခေါင်းဆောင် ဇော်ဇော်နိုင်က ပယ်နယ်တီမှ တစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့သည်။

ပွဲချိန် ၂၁ မိနစ်တွင် I.S.P.E အသင်းအတွက် ခြေပဂိုးအား မင်းမြတ်စိုး၏ ပေးပို့မှုမှတစ်ဆင့် ရှေ့တန်းတိုက်စစ် ကစားသမား ခင်ကျော်ဝင်း (အားကာ/သိပ္ပံ)ကသွင်းယူပေးမှုကြောင့်   ပထမပိုင်းပွဲအပြီးတွင်  I.S.P.E အက်ဖ်စီအသင်းနှင့်   ရခိုင်ယူနိုက်တက် အသင်းမှာ    အပြန်အလှန် သွင်းဂိုးများဖြင့် တစ်ဂိုးစီ သရေကျနေသည်။

ဒုတိယပိုင်းတွင်လည်း I.S.P.E အက်ဖ်စီအသင်းသည် ခြေစွမ်းအသာဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာဖြင့်  ဦးဆောင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက် အသင်းအတွက် ပေးဂိုး များ ရင်ဆိုင်တွေ့ကြုံခဲ့ပြီး I.S.P.E  အသင်းမှရှေ့တန်းတိုက်စစ် ကစားသမား ခင်ကျော်ဝင်း (အားကာ/သိပ္ပံ )နှင့်ပြည်ဖြိုးခိုင်(အားကာ/သိပ္ပံ)တို့က အနိုင်ဂိုးများ ဆက်တိုက်သွင်းယူ နိုင်ခဲ့သည့်အတွက် ဒုတိယပိုင်း ပွဲပြီးချိန်တွင် I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက် အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲပထမအကျော့ ပွဲစဉ်များကို ဇွန် ၂၅ ရက်မှ စတင်ယှဉ်ပြိုင် ကစားလျက်ရှိရာ ရန်ကုန်ယူနိုက်တက် အသင်းက  မြဝတီအက်ဖ်စီအသင်းအား  နှစ်ဂိုးပြတ်ဖြင့် လည်းကောင်း၊ ဇွန် ၂၆ ရက်ပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက် အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းအား နှစ်ဂိုးပြတ်ဖြင့် လည်းကောင်း၊ ရှမ်းယူနိုက်တက် အသင်းက မဟာယူနိုက်တက် အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ဇွန်၂၉ ရက်တွင် I.S.P.E အက်ဖ်စီအသင်းက ရခိုင်ယူနိုက်တက် အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါ   ပထမအကျော့ ပွဲစဉ်များကို သြဂုတ် ၂၅ ရက်အထိ လည်းကောင်း၊ ဒုတိယအကျော့ ပွဲစဉ်များကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ လည်းကောင်း သုဝဏ္ဏကွင်း၌ တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ဇွန် ၃၀ ရက်(ယနေ့)တွင် GFA FC အသင်းနှင့့် Yadanarbon FC အသင်းတို့ သည် ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း  သိရသည်။