အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်)
မြန်မာနိုင်ငံတွင် ထမင်းနှင့်တွဲဖက်စားသုံးရသည့် ဟင်းလျာအမျိုးမျိုးရှိပေရာ ဈေးနှုန်းချိုသာပြီး လူတိုင်းစားသုံးရန်သင့်တော်သည်မှာ ငါးအမျိုးမျိုးသာဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို မှီခိုနေကြရသော နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် အလုပ် အကိုင်နှင့် အသက်မွေးဝမ်းကျောင်းများ ဖန်တီးပေးနိုင်ရန် ငါးဖမ်းလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ရေထွက်အခြေခံ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများမှာ အရေးပါသော အခန်းကဏ္ဍ တွင်ရှိနေသည်။ ငါးသယံဇာတများ တိုးပွားနေရေးကို ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ဦးရွက်ပြုဆောင်ရွက် နေသော်လည်း ပြည်သူတစ်ရပ်လုံးက စိတ်ဝင်တစား ပါဝင်လုပ်ဆောင်ကြမှသာ လုပ်ငန်းများ ပိုမိုအောင်မြင်မည် ဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပေးခြင်းနှင့် သုတေသနပြုလုပ်ခြင်းလုပ်ငန်းများအတွက် လိုအပ်သောပညာရှင် လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားရေး၊ အရည်အချင်း အရည်အသွေးအလိုက် ဝန်ထမ်းများ ရွေးချယ်ခန့်ထားရေး၊ စွမ်းဆောင်ရည်တိုးတက်ရေး အတွက် လုပ်ငန်းခွင်သင်တန်းမျိုးစုံဆောင်ရွက်ပေးခြင်းတို့ကို အလေးထားလုပ်ဆောင်လျက်ရှိသည်။ လုပ်ငန်းတစ်ခု လုပ်ဆောင်ရာ တွင် အဓိကမှာ ကြိုတင်မြော်မြင်တွေးခေါ်ကာ ပြင်ဆင်ထားခြင်းဖြစ်သည်။ လုပ်ငန်းတစ်ရပ်သည် လက်ရှိအခြေအနေတွင် အောင်မြင် နေသလို နောင်လာမည့်အနှစ် ၅၀၊ အနှစ် ၁၀၀ အထိ အောင်မြင်အောင်ကြိုးစားကြရပေမည်။
ရေသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံဖြတ်ကျော် ကျက်စားနေထိုင်သော ငါးမျိုးစိတ် တစ်ခုဖြစ်သည့် (Transboumdary Species) ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးတို့အတွက် ငါးမဖမ်းရရာသီများ သတ်မှတ်ပေးလျက်ရှိသည်။ ထိုသတ်မှတ်ချက်များ ကိုလည်း ပြည်သူလူထု တစ်ရပ်လုံးက လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသတ်မှတ်ချက်များမှာ ပြည်သူများ ငါးသယံဇာတ ကို စဉ်ဆက်မပြတ် စားသုံးနိုင်ရေးအတွက် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် သားငါးကဏ္ဍအတွက် အရေးပါသည့် မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာန အသစ် တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးထားသည်။ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သုတေသနကိုအခြေခံသော ငါးလုပ်ငန်း စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား သုတေသနရန်ပုံငွေ ထူထောင်ရေးစာချုပ် ချုပ်ဆိုထားကြောင်းသိရှိရသည်။ ထိုစာချုပ်မှာ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တို့အကြား ပထမဦးဆုံးအကြိမ် Public Private Partnership (PPP) ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ဘုံသဘောတူညီချက်တစ်ခုဖြစ်သော သဘာဝ ပတ်ဝန်းကျင် အား မထိခိုက်စေဘဲ သယံဇာတများကိုရေရှည်တည်တံ့စေမည့် အကျိုးပြုအဏ္ဏဝါစီးပွားရေးကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ကမ်းရိုးတန်းသယံဇာတများ ပြန်လည်တိုးပွားလာရေး ဆောင်ရွက်ရန်နှင့် သယံဇာတများကို မထိခိုက်စေဘဲ စီးပွားရေး လုပ်ငန်းများကို ဟန်ချက်ညီညီ အကောင်းဆုံးနည်းလမ်းများနှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေချိုမြစ်ချောင်း၊ အင်းအိုင် ဧရိယာ ဟက်တာ(၈ ဒသမ ၂ သန်း)ရှိပြီး မြန်မာ့ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်မှုမှာ ၂၈၃၂ ကီလိုမီတာရှိသည့်အတွက် ရေချိုရေငန် ငါးသယံဇာတပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးလျက်ရှိသည့်အတွက် ငါးသယံဇာတများကို ပြည်ပပို့ကုန်အဖြစ် တွင်ကျယ်စွာပေးပို့နိုင်ရေးကို အလေးထား လုပ်ဆောင် လျက်ရှိသည်။ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ကုန်ပစ္စည်း တစ်နှစ်ထက် တစ်နှစ်တိုးတက်ထုတ်လုပ်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ယခင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ကုန်သွယ်ရေးလိုငွေများရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်ပမှ သွင်းကုန်များနှင့်ပတ်သက်၍ လိုအပ်သည့် ကုန်ပစ္စည်းများကိုသာတင်သွင်းစေခဲ့ပြီး ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး အလေး ထားဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ၂၀၂၂ ခုနှစ် မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိက ပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့ခြင်းထက် ကုန်ချောတင်ပို့နိုင်ရေးတို့ကို စီမံဆောင်ရွက်လျက်ရှိရာ ငါးသယံဇာတများ တိုးပွားရေး၊ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးတို့ကို ပိုမိုလုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။