အာဟာရဗေဒဖြည့်ဆည်းခြင်းနှင့် မြန်မာ့အားကစား၏အနာဂတ်အလားအလာ

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစား၏ အောင်မြင်မှုပုံရိပ်ကို အတိုင်းသားမြင်တွေ့ခဲ့ရသည်။ အားကစားနည်း ၂၀၊ အားကစားသမား ၂၈၇ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ယခင်သုံးနှစ်က ဆီးဂိမ်းပြိုင်ပွဲထက် ရလဒ်က သာလွန်နေသည်။ ဆုတံဆိပ်အနေဖြင့် ရွှေ ကိုးခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု စုစုပေါင်း ၆၂ ခု ရရှိခဲ့ သည်။ ပြိုင်ပွဲဝင် အားကစားသမားများ၏ အားကြိုးမာန်တက် ကြိုးစားယှဉ်ပြိုင်မှုနှင့် နိုင်ငံတော်၏ အားပေးထောက်ပံ့မှု ကောင်းခြင်းကြောင့်ဆိုတာက ပေါ်လွင်နေသည်။ မြန်မာ့အားကစားလောက  တစ်ခေတ်ပြန်လည် ဆန်းသစ်ဖို့အတွက် ခြေလှမ်းအစလည်း ဖြစ်သည်။

          သိပ်မကြာမီ   (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပတော့မည်။

“အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကို တိုးတက်အောင်ပြုလုပ်နေခြင်းဖြစ်သည်” ဆိုသည့်အတိုင်း အားကစားသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာဖြစ်သဖြင့် တစ်နှစ် ထက်တစ်နှစ် ဆတိုးဖြစ်ထွန်းနေဖို့တော့ လိုအပ်သည်။ (၃၁)ကြိမ်မြောက် ဆီးဂိမ်းမှာ ထက် (၃၂)ကြိမ်မြောက်မှာ ပိုပြီးအောင်မြင်နိုင်ဖို့ ကြိုးစားရတော့မည်။  လက်ရှိတွင်လည်း နိုင်ငံတော်ဘက်က အားကစားကဏ္ဍ တိုးတက်ရေးအတွက် ကောင်းသည်ထက် ကောင်းအောင် ကြိုးစားပြုလုပ်ပေးနေတာမျိုး တွေ့ရသည်။ ယခင်ကထက် အားရ စရာကောင်းနေတာတော့ အမှန်ပင်။

          ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏အမှာစကားတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်မှုအတွက်  ပြင်ဆင်ရမည့် အချက်များကို လမ်းညွှန်မှာကြားထားသည်။ အားကစားသမားများသည် အဓိက အားဖြင့် ကြံ့ခိုင်မှုပိုင်းနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုပိုင်းတို့တွင်   အားနည်းသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ အာဟာရဓာတ်ပြည့်ဝအောင် ကျွေးမွေးရန်၊ စားသောက်နေထိုင်မှု၌ စနစ်တကျရှိရန်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် စားသောက်မှုအပိုင်းကို ပြင်ဆင်ကြရန် စသည်ဖြင့် အာဟာရဓာတ် ဖြည့်ဆည်းရေးနှင့် ပတ်သက်ပြီး   ဦးစားပေး မှာကြားသွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ဆီးဂိမ်းပြိုင်ပွဲမှ အားနည်းချက်၊ လိုအပ်ချက်တို့အပေါ် မူတည်၍   နိုင်ငံတော် ဝန်ကြီးချုပ်က လမ်းညွှန်ချက် ချမှတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

အားကစားအာဟာရဗေဒပညာရပ် (pm;tm[m&aA'y)

          ခေတ်သစ် အားကစားလောကသည် လွန်စွာကျယ်ပြန့်လွန်း၏။  အားကစားနှင့် သိပ္ပံပညာကို ပေါင်းစပ်ယှဉ်ပြိုင်ကြသည်။ နည်းပညာ အကူအညီများ နှိုင်းယှဉ်ကြသည်။ အားကစားတစ်ခုတည်း လေ့ကျင့်နေရုံဖြင့်လည်း တော်ရုံခရီး မရောက်နိုင်တော့ပေ။ နည်းလမ်းပေါင်းစုံ ယှဉ်ပြိုင်နေသည့်ကြားတွင် အားကစား အာဟာရဗေဒပညာ (Sports Nutrition)၏ ပြိုင်ဆိုင်မှု အခန်းကဏ္ဍသည်လည်း အဓိကသော့ချက် တစ်ခုဖြစ်နေသည်။ အားကစားအာဟာရ ဗေဒပညာရပ်တွင်   အခြေခံအားဖြင့် အာဟာရဓာတ် ဖြည့်ဆည်းခြင်း(Fuelling)၊ ရေဓာတ်ဖြည့်ဆည်းခြင်း(Hydration)နှင့်  စွမ်းအင်ပြန်လည် ဖြည့်ဆည်းခြင်း (Recovery) စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။  ၎င်းသုံးမျိုးစလုံးသည် အားကစားအာဟာရဗေဒ လုပ်ငန်းစဉ်၏ မရှိမဖြစ်ပြုလုပ်ရမည့် လုပ်ဆောင်ချက်များလည်း ဖြစ်သည်။ အခြေခံ လုပ်ဆောင်ချက်များအား စနစ်ကျနစွာ လုပ်ဆောင်နိုင်မှသာ အားကစားသမားများ အတွက် လိုအပ်သော   အာဟာရဓာတ်ဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်တစ်ခုက ပြီးပြည့်စုံမည်လည်း ဖြစ်သည်။

စခန်းသွင်း လေ့ကျင့်နေစဉ်အတွင်း အာဟာရဓာတ် ဖြည့်ဆည်းခြင်း

          အာဟာရဗေဒဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်ဟူသည် သီးသန့်ဖန်တီး ပြုလုပ်ခြင်း (Specific) ဆန်သော အလုပ်လည်းဖြစ်သည်။ သို့ဖြစ်၍ အာဟာရဓာတ် ဖြည့်ဆည်းခြင်းနှင့် ပတ်သက်၍ ကန့်သတ်ချက်တွေက အတော်များပြားသည်။ စခန်းသွင်း လေ့ကျင့်နေသော အားကစားသမားများအား   စားရိပ်သာ၌ကျွေးမွေးရာတွင် ကျွေးမွေးမှုဇယား (Menu) ပေါ်တွင်သာ ပြည့်စုံနေ၍လည်း မဖြစ်သေးပါ။ Menu  တွင် ပါဝင်သည့် အစားအစာများက စနစ် တကျတွက်ချက်ထားခြင်း ရှိ/မရှိဆိုသည့် အချက်ကလည်း   အဓိကကျပေသည်။ ထို့ပြင် စားရိပ်သာတစ်ခုတည်းတွင် Menu  တစ်ခုတည်းဖြင့်သာ အားကစားနည်း မျိုးစုံအတွက်  ကျွေးမွေးနေ၍လည်း မရပါ။

အကြောင်းရင်းမှာ ပြုလုပ်သည့် အားကစားနည်းပေါ် မူတည်၍ တစ်ဦးချင်းစီ၏ အာဟာရဓာတ် လိုအပ်ချက်များလည်း မတူညီသောကြောင့်ဖြစ်သည်။

          အာဟာရဗေဒဆန်ဆန်ဖော်ပြရလျှင် အားကစားသမား တစ်ဦး၏ တစ်နေ့တာ စားသုံးရမည့် ကယ်လိုရီပမာဏအား အဆင့် ဆင့်တွက်ချက်ယူရသည်။ ကယ်လိုရီကို သိရှိ လျှင် ပါဝင်ထည့်သွင်းရမည့် အာဟာရဓာတ်ပမာဏကို ထပ်မံတွက်ချက်ရပြန်သည်။ သို့မှ သာ အာဟာရဓာတ်ရော၊ ကယ်လိုရီရော လုံလောက်ပြည့်ဝသော အစားအစာကို ကျွေးမွေးနိုင်မည်ဖြစ်သည်။  ပထမဦးစွာ သာမန်လူတစ်ဦး၏ တစ်နေ့တာအသက်ရှင် နေထိုင်နိုင်ရန်  လိုအပ်သော ကယ်လိုရီပမာဏ (Basal Metabolic Rate) အား ဦးစွာ တွက်ချက်ယူရသည်။ အတိုကောက် BMRဟုခေါ်သည်။ BMR သည် လူ၏အရပ်နှင့်  ကိုယ်အလေးချိန်တို့ပေါ်တွင် မူတည်၍ တွက်ချက်ရခြင်းလည်းဖြစ်သည်။ ဒုတိယအဆင့်တွင်  PAL ဟု ခေါ်သည့် အားကစားသမား တစ်ဦး၏ တစ်နေ့တာ ပြုလုပ်သည့် ကိုယ်လက်လှုပ်ရှားမှု အဆင့်အတန်း (Physical Activity Level) တန်ဖိုးကို သိရှိရသည်။ ပထမအဆင့် တွက်ချက်ရယူထားသော BMR တန်ဖိုးနှင့် ဒုတိယအဆင့်ဖြစ်သော PALတန်ဖိုးတို့ကို ပေါင်းစပ်ပြီး အဖြေရှာသည့်အခါမှသာ အားကစားသမား တစ်ဦး၏ တစ်နေ့တာ စားသုံးရမည့် ကယ်လိုရီပမာဏ (Total Energy Expenditure  TEE) တန်ဖိုး ထွက်လာသည်။     ၎င်းတန်ဖိုးသည် အားကစားသမား တစ်ဦးချင်းစီအား တစ်နေ့တာ ကျွေးမွေးရမည့်     အသေးစိတ် ကယ်လိုရီပမာဏပင်ဖြစ်သည်။ ကယ်လိုရီပမာဏကို သိရှိပြီးနောက် ထိုပမာဏတွင် လိုအပ်သော အာဟာရဓာတ်ကို ထပ်မံထည့်သွင်းပေးရပြန်သည်။  ဥပမာဆိုရသော် တာတိုသမားတစ်ယောက်၏ တစ်နေ့တာ လိုအပ်သော TEE ပမာဏတွင် အသားဓာတ် (Protein) ကို ရာခိုင်နှုန်း များများထည့်ပြီး ကျွေးမွေးရသည်။ တာဝေးအပြေးသမား ဖြစ်လျှင် ကစီဓာတ် (Carbohydrates) ကို များများ ထည့်ပေးရပြန်သည်။ ဒီလိုတွက်ချက် ကျွေးမွေးသည့်အခါမှသာ တာတိုအပြေးသမားက စွမ်းအင်သုံးပြီး ကောင်းကောင်းရုန်းနိုင်ပါသည်။ တာဝေးအပြေးသမားတွင်မူ ခံနိုင်ရည် ကောင်းမွန်ပြီး အချိန် ကြာမြင့်စွာ အားကစားပြုလုပ်နိုင်သည်။ နိုင်ငံတကာတွင်လည်း ယခုကဲ့သို့နည်းလမ်း များဖြင့် အသေးစိတ် တွက်ချက်ကျွေးမွေးလေ့ရှိသည်။ အခြားအားကစားနည်းများတွင် လည်း ပြုလုပ်သည့် ကိုယ်လက်လှုပ်ရှားမှု ပြင်းအား (Intensity) ပေါ်တွင်မူတည်၍ လိုအပ်သည့် အာဟာရဓာတ် အချိုးကို ဖြည့်ဆည်းပေးရသည်။ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ပိုမိုကောင်းမွန်သော တွက်ချက်ကျွေးမွေးနည်း ပုံစံများစွာ ရှိပါသည်။ အခြေခံတွက်ချက် ကျွေးမွေးခြင်း အဆင့်ကိုသာ ဗဟုသုတဖြန့်ဝေပေးခြင်း ဖြစ်သည်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကလည်း မကြာမီလပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်သည်။ သို့ဖြစ်၍ အားကစားနည်းများအလိုက် အင်တိုက်အားတိုက် လေ့ကျင့်နေကြသလို အာဟာရဓာတ် ဖြည့်ဆည်းခြင်း အစီအစဉ်ကလည်း လေ့ကျင့်ခန်းတစ်ခုသဖွယ် ကြိုတင် ပြင်ဆင်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြပေးချင်မိသည်။

အားကစားသမားများ ဖြည့်စွက်စာသုံးစွဲခြင်း    အားကစားသမားများ၏  ပင်မအာဟာရ ဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်တွင် ဖြည့်စွက်စာ(Supplement)များ သုံးစွဲခြင်းကလည်း အရေးကြီးသည့် အချက်ဖြစ်သည်။ “ဘာကြောင့်ဖြည့်စွက်စာသုံးစွဲရလဲ”ဟူသည့် ဗဟုသုတကို အားကစားသမားများ ဘက်ကရော၊ တိုက်ကျွေးသည့် တာဝန်ရှိသူများဘက်ကပါ အသေးစိတ် သိရှိနိုင်ဖို့တော့ လိုအပ်သည်။ သို့မှသာ  ဖြည့်စွက်စာ၏ အကျိုးအာနိသင်ရလဒ်က  အကျိုးရှိ၏၊ မရှိကို ပြန်လည်ဆန်းစစ် နိုင်ပါလိမ့်မည်။

          အားကစားသမား တစ်ယောက်သည် ကိုယ်လက်လှုပ်ရှားမှု တစ်ခုကို ပြင်းပြင်း ထန်ထန် ပြုလုပ်လိုက်သည့်အခါတိုင်း ခန္ဓာကိုယ်တွင်း၌ရှိသော   ဓာတ်သတ္တိများ လျော့ပါးဆုံးရှုံး သွားလေ့ရှိသည်။ အသား ဓာတ်ဆုံးရှုံးသွားသော အားကစားသမားအတွက် ကြက်သား၊ အမဲသားများ အလွန်အကျွံ ကျွေးမွေးခြင်းထက်  လိုအပ်သော အသားဓာတ် ဖြည့်စွက်စာမျိုးဖြစ်သော ပရိုတင်းအမှုန့် တိုက်ကျွေးခြင်းက အထူးကောင်းမွန်သည်။ ပုံမှန်အသားစားခြင်းထက်လည်း သာလွန်၍အာနိသင်ဖြစ်စေ သည်။  ပရိုတင်းဖြည့်စွက်စာ  နည်းတူ ခန္ဓာကိုယ်  လိုအပ်ချက်ပေါ်မူတည်၍ သောက်သုံးနိုင်သည့် ဖြည့်စွက်စာမျိုးစုံ လည်း ရှိပေသည်။ ဖြည့်စွက်စာများသည် ခန္ဓာကိုယ်၏ လိုအပ်ချက်ကို အတိအကျ ဖြည့်ဆည်းပေးနိုင်သကဲ့သို့ နောက်တစ်ကြိမ် အားကစားပြုလုပ်ရန် အတွက်လည်း ခွန်အား

ရရှိစေသည်။     စွမ်းအင်ပြန်လည်ဖြည့်ဆည်းခြင်း (Recovery) ဖြစ်စဉ်အတွက်လည်း အလွန်လျင်မြန်စေသည်။ သို့ဖြစ်၍ နိုင်ငံတကာက အားကစားသမားများနည်းတူ ဖြည့်စွက်စာ သောက်သုံးခြင်းကိုလည်း စနစ်တကျ အလေးထား ဆောင်ရွက်သင့်ပေသည်။  အားကစားသမားများ အနေဖြင့်လည်း တာဝန်ရှိသူများမှ ဖြည့်စွက်စာ တိုက်ကျွေးလာသည့်အခါ  စနစ်တကျ လိုက်နာသုံးစွဲကြခြင်းအားဖြင့် အာဟာရ ဓာတ်ဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်၏ တိုးတက်မှုအရှိန်က လျင်မြန်လာစေမည် ဖြစ်သည်။

ပြိုင်ပွဲမဝင်မီ ကာဘိုဟိုက်ဒရိတ်ဓာတ် ဖြည့်ဆည်းခြင်း(Carbohydrates Loading) လူတစ်ဦး၏ ကိုယ်ခန္ဓာတွင်း စွမ်းအင် ပမာဏသည် အချိန်ဆက်တိုက် အားကစား ပြုလုပ်မည်ဆိုပါက နှစ်နာရီစာ အားကစား ပြုလုပ်နိုင်ရန်အတွက်သာ လုံလောက်သည်

ဟု အားကစားအာဟာရ ဗေဒပညာရှင်များက ဆိုကြသည်။ အချိန် နှစ်နာရီထက်ပို၍ အားကစားပြုလုပ်မည်ဟု ရည်ရွယ်သည့်အခါ ကာဘိုဟိုက်ဒရိတ် ဓာတ်ဖြည့်ဆည်းခြင်း(Carbohydrates Loading)အား ပြိုင်ပွဲမဝင်မီ နှစ်ရက်(သို့)သုံးရက်အလိုတွင် ကြိုတင်ပြုလုပ် ထားရပေသည်။ ဥပမာ- လမ်းလျှောက်၊ တာဝေးအပြေး၊ သုံးမျိုးစုံစသည့် ခံနိုင်ရည် အားကစားများ ပြုလုပ်သည့်အခါ Carbohydrates Loading လုပ်ဆောင်ချက်အား မဖြစ်မနေ ပြုလုပ်ရန် လိုအပ်ပေသည်။ အခြားသော အားကစားနည်းများတွင်လည်း မိမိပြုလုပ်မည့် အားကစားပြုလုပ်ချိန်ပေါ်တွင် မူတည်၍ လိုအပ်ပါက Carbohydrates Loading  ပြုလုပ်နိုင်သည်။        

ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ် အချိန်အတွင်း အာဟာရဓာတ်ဖြည့်ဆည်းခြင်း

၁၀။    ခံနိုင်ရည်အား တစ်ခုဖြင့် အချိန်ကြာ ပြုလုပ်ရသော အားကစားနည်းများတွင် ပြိုင်ပွဲဝင်နေစဉ် အချိန်အတောအတွင်း အာဟာရဓာတ်ဖြည့်ဆည်းခြင်းကလည်း အရေးပါပြန်သည်။ ၎င်းလုပ်ဆောင်ချက်တွင် အာဟာရဓာတ်ဖြည့်ဆည်းခြင်း (Fuelling) နှင့်အတူ ရေဓာတ်ဖြည့်ဆည်းခြင်း (Hydration) လုပ်ဆောင်ချက်လည်း ပါဝင်သည်။ ပြိုင်ပွဲဝင်နေချိန်တွင် ကုန်ဆုံးသွားသော စွမ်းအင်အတွက် ပရိုတိန်း ပါဝင်သော Energy Bar  စားသုံးခြင်း၊ ကာဘိုဟိုက်ဒရိတ်အရည် ပါဝင်သော Energy Gel စားသုံးခြင်းနှင့် အခြားသော အရည်ဓာတ် ဆုံးရှုံးမှုများ ပြန်လည်ဖြည့်ဆည်းပေးရန် Sports  Drink  သောက်သုံးခြင်း၊ ဓာတ်ဆားရည်သောက်သုံးခြင်းတို့ကို ပြုလုပ် ပေးရသည်။ ပြိုင်ပွဲဝင်သည့် အားကစား သမား၏ ယှဉ်ပြိုင်သည့် ကြာချိန်ပေါ်တွင် မူတည်၍ ၁၅ မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် အာဟာရဓာတ်ဖြည့်ဆည်းခြင်းနှင့် ရေဓာတ် ဖြည့်ဆည်းခြင်းတို့ကို စနစ်တကျ တွက်ချက် ဆောက်ရွက်ကြရသည်။ သို့မှသာ အားကစားသမား၏ စွမ်းဆောင်ရည်ကို ထိန်းသိမ်း ပေးရာရောက်ပြီး အားကစား လုပ်ဆောင်နိုင်စွမ်းလည်း ပိုမိုတိုးတက် ကောင်းမွန်လာ စေပါသည်။

ချက်ပြုတ်သည့်နည်းစနစ်ကလည်း အရေးပါ

၁၁။    အာဟာရဗေဒ ဖြည့်ဆည်းသည့် အစီအစဉ်တွင်   စနစ်တကျ ချက်ပြုတ်ခြင်းကလည်း အရေးကြီးပြန်သည်။ ကျန်းမာရေးနှင့် မညီညွတ်သော ချက်ပြုတ်ခြင်း ပုံစံသည် လူအား ဆိုးကျိုးဖြစ်စေရန် ဦးတည်စေသည်။ မည်မျှပင် အာဟာရဓာတ်ပြည့်ဝသော အစားအစာများ ဖြစ်စေကာမူ ချက်ပြုတ်ခြင်း ပုံစံမှားယွင်းလျှင်လည်း ကျန်းမာရေးကို အဓိက ထိခိုက်ပေလိမ့်မည်။ လိုအပ်သည်ထက် ဆီများများသုံး၍ ချက်ပြုတ် ခြင်း၊ ဆီကြော် အစားအစာများ ဖန်တီး ပြုလုပ်ခြင်း၊ ဟင်းခတ် အမွှေးအကြိုင်များ အလွန်အကျွံသုံးစွဲခြင်း၊ အချိန်ကြာမြင့်စွာ မီးအပူပေး၍ ချက်ပြုတ်ခြင်း စသည်တို့သည် ကျန်းမာရေးနှင့် မညီညွတ်သော  အစားအသောက်များကို ပေါ်ပေါက်လာစေသည်။ ဆီပမာဏ များပြားသော အစားအသောက် စားသုံးခြင်းသည် အားကစားသမား တစ်ယောက်အတွက် လွန်စွာဆိုးရွားပေသည်။ ထို့ပြင် အချိန်ကြာမြင့်စွာ မီးအပူပေး၍ ချက်ပြုတ်ခြင်း စနစ်ကလည်း ချက်ပြုတ်မည့်အသား၊ အသီးအရွက်တို့တွင် ပါဝင်သော အာဟာရဓာတ်ကို ကုန်ခမ်းသွားစေသည်။ သို့ဖြစ်၍ အာဟာရဓာတ်ဖြစ်စေသော အစားအသောက်တို့ကို ရွေးချယ်ကျွေးမွေးသည့် တိုင်အောင် ချက်ပြုတ်သည့် နည်းစနစ်မှားယွင်းလျှင်လည်း အာဟာရ ဓာတ်အပြည့်အဝ ရရှိနိုင်မည်တော့ မဟုတ်သည်ကို အထူးသတိပြုရပေတော့မည်။

၁၂။    ကမ္ဘာပေါ်တွင်  အစားအသောက် ချက်ပြုတ်သည့် နည်းစနစ်နှင့် ပတ်သက်၍ ဂျပန်လူမျိုးတို့ကို အတူယူသင့်သည်။

    လေ့လာတွေ့ရှိချက်များအရ ဂျပန်လူမျိုးများ အသက်ရှည်ရခြင်း၏ အကြောင်းရင်းတွင် ကောင်းမွန်စွာချက်ပြုတ်စားသောက်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အာဟာရဗေဒပညာရှင် ပါမောက္ခ ဆူယိုရှိဆူဒုကီက ဂျပန်နှင့် အမေရိကန်လူမျိုးတို့၏ အစားအသောက်များကို နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ ၎င်း၏ လေ့လာတွေ့ရှိမှုတွင် လူမျိုးနှစ်ခုစလုံး၏ အစားအသောက်များတွင်ပါဝင်သော ကာဘို ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီစသော ပမာဏများသည် ဆတူဖြစ်ကြပြီး၊ အာဟာရဓာတ် ပြည့်ဝမှုကလည်း တန်းတူပဲဖြစ်သည်။ သို့သော် ချက်ပြုတ်သည့် နည်းစနစ်ပေါ် မူတည်ပြီး ဂျပန်အစားသောက်များက ဗိုက်မှာ အဆီစုတာနည်းပြီး၊ သွေးတွင်းအဆီဓာတ်လည်း နည်းလွန်းတာကို လေ့လာတွေ့ရှိခဲ့ရသည်။ ကိုယ်ခန္ဓာ ပုံစံအချိုးကျမှုကိုလည်း ပိုမိုဖြစ်ထွန်း စေသည်ဟုဆိုပါသည်။ ဂျပန်များသည် အစားအသောက် ချက်ပြုတ်သောအခါ ရေနွေးငွေ့ နဲ့သာပေါင်းခြင်း၊ မီးအေးအေးနဲ့သာ ချက်ပြုတ်ခြင်း၊ ဆားနဲ့သကြားများ လျှော့ချသုံးစွဲ ခြင်း၊ ဟင်းခတ်မှုန့်ကိုလည်း ပါဝင်ရုံ အနည်းငယ်သာ သုံးစွဲခြင်း စသော နည်းစနစ်များကို သုံးစွဲကြလေ့ရှိသည်။ ကျန်းမာရေးနှင့် ကိုက်ညီသောပုံစံနှင့်သာ ချက်ပြုတ်ခြင်းသည် ဂျပန်အစားအစာများ၏ ကျန်းမာရေး လျှို့ဝှက်ချက်ပင်ဖြစ်သည်။ သို့ဖြစ်၍ အားကစားနှင့် ကာယသိပ္ပံကျောင်းများ၊ စခန်းသွင်း လေ့ကျင့်ရေးစခန်း (Camp) များတွင် အားကစား သမားများအား အစားအသောက်ကျွေးမွေးသည့်အခါ နည်းစနစ်ကျကျ ချက်ပြုတ် ကျွေးမွေးခြင်းသည်လည်း အထူးဂရုပြုမည့် အချက်တစ်ချက်ပင် ဖြစ်ပေတော့သည်။

စွမ်းအင်ပြန်လည်ဖြည့်ဆည်းခြင်း (Recovery)

၁၃။    အိပ်စက်ခြင်းသည် အားကစားသမား တစ်ဦးအတွက် အကောင်းဆုံးသော စွမ်းအင်ပြန်လည်ဖြည့်ဆည်းခြင်း (Recovery) နည်းလမ်းပင်ဖြစ်သည်။ အိပ်စက်ခြင်း အား သဘာဝက အလကားပေးသော လက်ဆောင်ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ဆိုရှယ်မီဒီယာသုံးစွဲခြင်း ကလည်း လူငယ်တွေအကြားတွင် ရေပန်းစားလျက်ရှိသည်။ ၎င်းဂယက်သည် အားကစား သမားများအပေါ်တွင်လည်း ထိထိမိမိ ရိုက်ခတ်လာခဲ့သည်။ လက်ရှိတွင် ဆိုရှယ်မီဒီယာ ကြောင့် အားကစားသမား အချို့၏ ညအိပ်ချိန်က တဖြည်းဖြည်း လျော့ပါးလာရသည်။ ဆိုရှယ်မီဒီယာသုံးစွဲခြင်းနှင့် ဂိမ်းကစားခြင်း စသည်တို့သည် အားကစားသမားများ၏ အနားယူအိပ်စက်ချိန်အား မသိမသာ အစားထိုး နေရာယူလာကြောင်း တွေ့ရသည်။

၁၄။    သာမန်လူတစ်ဦးသည် အသက်ရှင် နေထိုင်နိုင်ရန်အတွက် အိပ်စက်ချိန်(၇)နာရီမှ (၉)နာရီအတွင်း ရှိသင့်သည်။ အားကစားသမား တစ်ဦးဖြစ်လျှင်မူ အိပ်စက်ချိန် အနည်းဆုံး (၈)နာရီမှ(၁၀)နာရီထိ ရှိရမည်ဖြစ်သည်။ အိပ်စက်ခြင်းသည် အားကစားပြုလုပ်၍ ပင်ပန်းနေသော၊ ပျက်စီးသွားသော ကြွက်သားဆဲလ်များအား အသစ်တစ်ဖန် ပြန်လည် ဖွံ့ဖြိုးပေးစေနိုင်သော ထူးခြားသည့် သဘာဝဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ အားကားသမား တစ်ဦး၏ အမြင့်ဆုံး အားကစားပြုလုပ်နိုင်စွမ်း (Peak Ability) ကို ရရှိ စေရန်အတွက် အိပ်စက်ခြင်းသည်လည်း အဓိကစွမ်းအင် အရင်းအမြစ်တစ်ခုတွင် ပါဝင် ကြောင်း သတိချပ်သင့်ပါသည်။

လူစွမ်းအား အရင်းအမြစ်ကို တည်ဆောင်ရန်လို

၁၅။    ၂၁ ရာစုသည် ဘက်ပေါင်းစုံတွင် ယှဉ်ပြိုင်မှုများနှင့်သာ ရင်ဆိုင်နေရသော ရာစုနှစ်တစ်ခုလည်း ဖြစ်သည်။ နယ်ပယ်အသီးသီးတွင် ယှဉ်ပြိုင်မှုများနှင့်သာ ခရီးဆက် နေကြသည်။ အထူးသဖြင့် အားကစားနယ်ပယ်တွင် ယှဉ်ပြိုင်ကြသည့်အခါ နောက်ကွယ်မှ အုပ်ချုပ်ထောက်ပံ့မှု ကောင်းခြင်းသည်လည်း အဓိကဖြစ်သည်။ နည်းပညာ အကူအညီ များနှင့်၏သာမက အာဟာရဓာတ်ဖြည့်ဆည်းခြင်းဟူသော အထောက်အပံ့ကောင်း ကိုလည်း ရယူကြသည်။ ဒီလို အကူအညီကောင်းများကို ပဲ့ကိုင်နိုင်ရန်အတွက် ကျွမ်းကျင် ပညာရှင် အရင်းအမြစ်တစ်ခုကလည်း အဓိက လိုအပ်ချက်တစ်ခုဖြစ်ပေသည်။ အားကစား အာဟာရဗေဒ လုပ်ငန်းစဉ်ကြီး ပြည့်ဝစွာလည်ပတ်နိုင်ရန် တတ်ကျွမ်းသောအာဟာရ ဗေဒပညာရှင်တွေက မရှိမဖြစ်လိုအပ်သည်။ နိုင်ငံတော်ဘက်ကလည်း  အားကစား အာဟာရဗေဒနှင့် ပတ်သက်သော ပညာရှင်အရင်းအနှီး (Intellectual Capital) ကို ပေါများစွာ တည်ဆောက်ထားရပါမည်။ လိုအပ်ပါက ပညာတော်သင်စေလွှတ်ခြင်းများ အပါအဝင် ပညာရပ်နှင့်ပတ်သက်သော လက်ဆင့်ကမ်း သင်တန်းများ ဖွင့်လှစ်ခြင်းကို လည်း ဆောင်ရွက်ပေးရမှာဖြစ်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွင် အာဟာရဗေဒ ပညာရှင်များ လုံလောက်စွာခန့်အပ်တာဝန်ပေးအပ်ခြင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအတွက်လည်း အာဟာရဗေဒ ပညာရပ်နှင့် ပတ်သက်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း စသည်ဖြင့် ကောင်းမွန်သော လူ့စွမ်းအား အရင်းအမြစ် တစ်ခုကို တည်ဆောက်ကြရမည် ဖြစ်သည်။ နိုင်ငံတကာမှ အာဟာရ ဗေဒပညာရှင်များနှင့်လည်း အတတ်ပညာဖလှယ်ခြင်း၊ ဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးရပါမည်။ သို့မှသာ အားကစားသမားများအတွက် လိုအပ်သော အာဟာရဗေဒ ဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်ကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်သော လူ့စွမ်းအား အရင်းအမြစ်ကောင်း တစ်ခုကို ရရှိလာမည်ဖြစ်ပါသည်။

လိုအပ်ချက်ကို ပြင်ဆင်မှရတော့မည်

၁၆။    အားကစားဟူသည် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို နိုင်ငံတော် ကိုယ်စား ပြသခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဆိုရာတွင် ညီညွတ်သော အာဟာရဓာတ် ဖြည့်ဆည်းခြင်းကသာ အဓိကအထောက်အပံ့ဖြစ်သည်။ နိုင်ငံ၏ အားကစားကဏ္ဍ မြင့်မားလာစေခြင်း အကြောင်းအရာများတွင် အားကစားဆိုင်ရာ အခြေခံအဆောက် အအုံများ၊ အားကစားပစ္စည်းများ၊ ကျွမ်းကျင်သောနည်းပြများ လိုအပ်သည့် နည်းတူ ခွန်အားဖြည့် အစားအစာနှင့် ဆေးဝါးများ ဖြည့်ဆည်းခြင်းကလည်း တန်းတူလိုအပ်ချက် တစ်ရပ်ဖြစ်ပေသည်။ နိုင်ငံတော်ဘက်မှ အားကစားကဏ္ဍ၏ လိုအပ်ချက်မျိုးစုံအား ဘက်ပေါင်းစုံမှ ဖြည့်ဆည်းမှု ပေးနေသကဲ့သို့၊ အားကစားသမားများ အတွက် အာဟာရ ဗေဒဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်ကြီးကိုလည်း စီမံခန့်ခွဲမှု ကောင်းမွန်စွာဖြင့် စနစ်တကျ ဆောင်ရွက်ရန် အချိန်တစ်ခုကျရောက်ပြီဖြစ်သည်။ ပြီးခဲ့သော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကလည်း မြန်မာ့အားကစား ကဏ္ဍ၏ လိုအပ်ချက် အချို့ကို နမူနာပြသသွားခဲ့သည်။ အားကစားသမားများ၏ ကြံ့ခိုင်မှုပိုင်းနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုပိုင်းတို့ အတွက် မည်သည့်အချက်ကို ပြင်ဆင်ရမလဲဟူသည့် အဖြေကလည်း ပေါ်လွင်ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ မြန်မာ့အားကစားအား အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်နေသည့် အချိန်တွင် အားကစားသမားတို့ အတွက် အဓိကလိုအပ် ချက်ကြီးတစ်ခုဖြစ်သော အာဟာရဓာတ် ဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်ကြီးအား အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်နိုင်စေရန်အတွက်သာ ဆန္ဒပြုရေးသားအပ်ပါတော့သည်။

ကိုးကား

၁။      Eberleç S.G. ]Endurance sports nutrition.}

          Fitness Magazine. 24(6): 25.

၂။       Basics of carbohydrate loading         (Academy  of   Nutrition &  Dietetics)

၃။      The Secret of Japanese Longevity

          (Associate professor: Tsuduki Tsuyoshi)

          ဝမ်းယုနောင်