ပညာတင့်၍ လူမျိုးမြင့်စေချင်

ပညာတင့်၍ လူမျိုးမြင့်စေချင်

မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေး နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရန်၊ ပညာသင်ကြားမှု အပြည့်အဝရရှိစေရန် မြန်မာနိုင်ငံအတွင်း ဇွန်လ ၂ ရက်မှစ၍ အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်ခဲ့ပါပြီ။ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစိမ်းဝတ်စုံ တူညီဝတ်ကာ လွယ်အိတ်လွယ်၍ ရွှင်လန်းတက်ကြွစွာ သွားလာနေကြသည်ကို ပတ်ဝန်းကျင်တွင် တွေ့မြင်ရပေပြီ။ ကျွန်မသည် နံနက်ဈေးဝယ်သွားစဉ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းကြီးအနီးမှဖြတ်သွားရာ  နိုင်ငံတော် အလံအောက်တွင် ကျောင်းသား၊ ကျောင်းသူတို့ စုဝေးပြီး နိုင်ငံတော် သီချင်းဆိုသံ၊ စာသင်ခန်းထဲမှ သင်ခန်းစာမသင်မီ  ဘုရားရှိခိုးအမျှဝေသံ၊ ဆရာ၊ ဆရာမတို့၏ သင်ခန်းစာ သင်ကြားမှုအသံများ၊    ကလေးတို့၏ သင်ခန်းစာ ရွတ်ဖတ်သင်ယူစာအံသံများကို တစ်မျိုးမဟုတ် တစ်မျိုးကြားခဲ့ရပါသည်။

နိုင်ငံတော်၏ အသိပညာ၊ အတတ်ပညာဖြန့်ဖြူးရာ သို့မဟုတ် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသော ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်းများ ထွန်းကား မွေးထုတ်ပေးနေမည့် ပညာရေးဌာနကြီး သက်ဝင်လှုပ်ရှားမှု မရှိခဲ့သည်မှာ နှစ်နှစ်နီးပါးခန့်ရှိခဲ့ရသည်ကို အများပြည်သူတို့နှင့်အတူ ကျွန်မကြေကွဲစွာ ခံစားခဲ့ရသည်။ ပညာရေးဌာနကြီး သက်ဝင်လှုပ်ရှားလာမှုများကို မြင်ရသဖြင့် သဘာဝပန်းဥယျာဉ်ကြီးထဲတွင် ပန်းပေါင်းစုံဖူးပွင့်လျက် လိပ်ပြာ၊ ပျားပိတုန်း စသည်တို့ပျံဝဲနေသလို ကျေးငှက်သာရကာများလည်း ပျံသန်းမြူးထူးနေသည့် အလားတင်စားမိကာ မျက်စိပသာဒတွင် လည်းကောင်း၊ စိတ်အတွေးတွင် လည်းကောင်း အမြင်လန်းဆန်းလှချင်တိုင်းလှနေတော့သည်ဟု ကျွန်မခံစား နေမိပါသည်။ နှုတ်မှလည်း “ကျက်သရေရှိလှပါဘိ မင်္ဂလာရှိလှပါဘိ”ဟု ရွတ်ဆိုကျူးရင့်မိပါ၏။

နိုင်ငံတစ်နိုင်ငံသည် ပညာရည်မြင့်မားသော လူသားအရင်းအမြစ်များနှင့် တည်ဆောက်ပါမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ပါမည်။ ပညာရည်နိမ့်ပါးပါလျှင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နောက်ကျနှေးကွေး၍ နိုင်ငံတကာ အလယ်မျက်နှာငယ်ဖြစ်ရမည်ကို ငြင်းဆိုနိုင်စွမ်းရှိမည် မဟုတ်ပါ။  ယခု ၂၁ ရာစုကာလသည်  ပညာကာလဖြစ်သည့် အတွက် မျိုးဆက်သစ် လူငယ်များကို ပညာတတ်များ ဖြစ်အောင် ကြိုးပမ်းကြရပါမည်။

လွန်ခဲ့သော နှစ်နှစ်ကာလတွင် ကျောင်းမဖွင့်နိုင်သည့်အတွက်   ကျောင်းသား၊   ကျောင်းသူများ ဟိုယောင်ယောင် သည်ယောင်ယောင်နှင့်စိတ်လေလွင့်ကာ ဆိုးဝါးသော ဘဝလမ်းကြောင်းများ ပြောင်းသွားခဲ့ပေသည်။ မိဘများသည် ဘဝအတွက် လုံးပန်းနေကြရသဖြင့် သားသမီးများကို ကောင်းစွာ မညွှန်ကြားနိုင် မထိန်းသိမ်းနိုင်ခဲ့သော မိသားစုများတွင် အချို့ကလေးငယ်များ အရွယ်မရောက်မီ အိမ်ထောင်ကျသွားကြသည်။

အချို့လမ်းမှားရောက်ကာ မူးယစ်ဆေးစွဲကာ လမ်းပေါ်ရောက်သွားသူများရှိခဲ့သည်။ အချို့နိုင်ငံရေးမှိုင်းမိကာ မသမာသူတို့မြှောက်ပင့်မှု၊  သွေးထိုးနှိုးဆွမှုများကြောင့်  ဘဝနစ်မွန်းသေဆုံးခြင်း၊ အကြမ်းဖက်သမား  နိုင်ငံဖျက်ဆီးသူများဖြစ်သွားကြသည်ကို ဝမ်းနည်းရင်နင့်စွာ ကြားသိတွေ့မြင်နေရသည်။  နိုင်ငံအတွက် အနာဂတ်လူငယ်များ ဘဝတုံး၊ လူလုံးမလှ ရေတိမ်နစ်ခဲ့ရသည်။

ဆရာတော်ရှင်မဟာရဋ္ဌသာရဆုံးမစာတွင် ‘ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှိ၍”ဟု ဆိုထားပါသည်။  ဆရာတော်ဆိုသည့်အတိုင်း ပညာမျက်စိ၊ မြင်မရှိ၍၊ အသိတရားမဲ့ လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်ရေးရာနှင့်ယဉ်ကျေးမှုများ ကြီးမားစွာ ပျက်ယွင်း ဆုံးရှုံးခဲ့ရသည်ဖြစ်၍   လွန်စွာအကျည်းတန် အရုပ်ဆိုးစေခဲ့ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်၊ လူငယ်လူရွယ်များ အရည်အသွေးမြင့်မားသည့် လူသားအရင်းအမြစ်များ ဖြစ်စေရန် မြင့်မားသော လူနေမှုအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကြီးမားသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ပညာသင်ကြား တတ်မြောက်ဖို့လိုပါသည်။

ထို့ကြောင့် မိဘများ မိမိရင်သွေးများကို မဖြစ်မနေ ကျောင်းသို့ ပို့အပ်ရမည်ဖြစ်ပါသည်။

ပညာဟူသည် အကောင်းအဆိုး အမှားအမှန်ကိုဝေဖန် ပိုင်းခြားသော အရာဖြစ်ပါသည်။ ပညာတတ်ရုံတွင်မက ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်လည်း လိုအပ်ပါသည်။ ပညာသမာအာဘာနတ္ထိ ပညာနှင့်တူသော အလင်းရောင်မရှိဟု မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါသည်။ 

မီးရောင်၊ လရောင်၊ နေရောင်ထက် ပညာအရောင်သည် အထွန်းလင်း အတောက်ပဆုံးဟုလည်း   ပညာရှိများ ဆိုကြပါသည်။

မန်လည်ဆရာတော်ဘုရားကြီးကလည်း “ပညာပြည့်ဝ နှလုံးလှသော်   ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင် ကျဉ်းကျယ်ထွင်းဖောက်  ဖြတ်တောက်လိုရာ ပြီးမြောက်စွာ၏”ဟု ကိစ္စမှန်သမျှကို ပညာဉာဏ်ဖြင့် ကိစ္စပြီးမြောက်နိုင်ကြောင်းကို မာဃဒေဝလင်္ကာတွင် ဖော်ညွှန်းထားပါသည်။

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်မှစတင်၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် စတင်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ အတန်းလိုက် သင်ခန်းစာများကို အေးချမ်းပျော်ရွှင်စွာသင်ကြားနေကြပါသည်။ ထို့ပြင် ကျောင်းတက်ကြသည့် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများ စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။ ထိုကဲ့သို့အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့အစည်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု ပြည်သူ့လုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြပါသည်။

ယခုအခါ PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် မိဘများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ မီးရှို့ခြင်း၊ အဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံသုံး၍ ဟန့်တား နှောင့်ယှက်လျက်ရှိနေသည်။

ပညာသင်ကြားပေးခြင်းကို ရပ်တန့်ရန်၊ တာဝန် ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်းများကို CDM  လုပ်ရန်၊ မလုပ်ပါက အသက်အန္တရာယ်နှင့် လုံခြုံရေးကို   လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း ရေးသည့်စာကို ကျည်ဆန်နှင့်အတူ ဆောင်ရွက်မည့်အကြမ်းဖက်အမည်ပါ  ဖော်ပြခြိမ်းခြောက်ခြင်း၊ ဆရာ၊ ဆရာမများအား သတ်ဖြတ်ခြင်း  ပြုလုပ်နေသည်တို့ကို   ဝမ်းနည်းစိတ်ထိခိုက်စွာ တွေ့မြင်ကြားသိနေရပါသည်။ NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများ၊ မီဒီယာများက ကျောင်းမဖွင့်နိုင်အောင် ခြိမ်းခြောက် ဖျက်ဆီးနေကြသည်မှာ အထင်အရှားဖြစ်သည်။ ယင်းအခြေအနေများကို ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူများသည်   အလွန်ရွံရှာ မုန်းတီးစက်ဆုပ်လျက် ရှိကြသည်။

ယင်းကဲ့သို့အခြေအနေ ရှိနေပါသော်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားသူများမှာ ရာနှုန်းအနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်း တက်ရောက် သင်ကြားလျက်ရှိပါသည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများကို ကျွန်မလွန်စွာ ကျေးဇူးတင်မိပါသည်။

“ကလေးများ၏ ပညာရေးသည်   နိုင်ငံအတွက် လိုအပ်သော အရည်အသွေးဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဖြစ်သည်”ဟုခံယူလျက် မိမိနိုင်ငံ မိမိလူမျိုးအခက်အခဲ အနှောင့်အယှက်ဟူသမျှ ရင်ဆိုင်တွန်းလှန်ဖို့ လိုအပ်နေပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ကျွန်မတို့၏ နိုင်ငံဖြစ်ပါသည်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကျွန်မတို့ကြိုးစားကြရပါမည်။ ပညာတတ် များပြားအောင် ကြိုးစားသင်ယူ ရမည်ဖြစ်ပါသည်။ ပညာတတ်လာလျှင် ကိုယ့်နိုင်ငံ ထူထောင်ရေးမှာ ကိုယ့်အတတ်ပညာဖြင့် ဝိုင်းဝန်း ထူထောင်မည်ဟူသော စိတ်ဓာတ် လိုအပ်နေပါသည်။ ကျွန်မတို့စုပေါင်းပြီး အရွေ့တစ်ခုရောက်အောင် တွန်းပို့ရမည် ဖြစ်ပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ဆုံးရှုံးမှုများကို သူ့ကြောင့်ကိုယ့်ကြောင့်ဟု အပြစ်တင်ပုံမချဘဲ ရှေ့အနာဂတ်တည်ငြိမ် အေးချမ်းတိုးတက်ဖို့အတွက်  ကျွန်မတို့အားလုံး ကုန်းရုန်း၍  ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့်နည်းတူ  သူများခြေလှမ်း တစ်လှမ်းလှမ်းလျှင် မိမိကခြေလှမ်း လေးငါးဆယ်လှမ်းဖို့ လိုနေပါပြီ။  မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခုကစ၍ ခြေလှမ်းကြပါစို့။  

ပညာမြင့်၍ တို့နိုင်ငံတို့လူမျိုး တိုးတက်တင့်တယ်စေမည်။

စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံစီးပွား မြင့်မားစေမည်။

အချင်းချင်းချစ်ကြည်မှုဖြင့် ငြိမ်းချမ်းစေမည်။  ။

မေမြန်မာ(နေပြည်တော်)