နိုင်ငံတကာဘောလုံးပြိုင်ပွဲများအတွက် လက်ရွေးစင်အသင်းကိုးသင်း ဖွဲ့စည်းမည်

ရန်ကုန်၊ ဘောလုံး

လာမည့်နှစ်တွင်ကျင်းပမည့် အာရှနှင့် အာဆီယံအဆင့် နိုင်ငံတကာဘောလုံး ပြိုင်ပွဲများအတွက်   မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း အပါအဝင်လက်ရွေးစင် အသင်းကိုးသင်းဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကိုးသင်းတွင် အမျိုးသားအသင်းများအဖြစ် မြန်မာ့လက်ရွေးစင်အသင်း၊ ယူ-၂၂ ၊ ယူ-၁၉ ၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်းများအဖြစ် လက်ရွေးစင်အသင်း၊ ယူ-၁၉၊ ယူ-၁၆ အသင်း၊ ဖူဆယ် အသင်းများအဖြစ် လက်ရွေးစင်အသင်းနှင့် ယူ-၁၉ ဖူဆယ်အသင်းတို့ ဖွဲ့စည်းမည်ဖြစ်သည်။

ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့် နိုင်ငံတကာပြိုင်ပွဲအများစု ရွှေ့ဆိုင်းခဲ့သော်လည်း  ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစ၍  ပြိုင်ပွဲအများစု ပြန်လည်ကျင်းပမည်ဖြစ်သည်။

အဆိုပါ လက်ရွေးစင်အသင်းများကို ပြိုင်ပွဲယှဉ်ပြိုင်ရမည့် ကာလပေါ်မူတည်၍ စခန်းသွင်း လေ့ကျင့် ခြင်းနှင့် နိုင်ငံတကာပြိုင်ပွဲများ စီစဉ်ခြင်းတို့ လုပ်ဆောင်မည်ဖြစ်သည်။

“ဒီနှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲတွေ ရွှေ့ဆိုင်းခဲ့ပေမယ့် လာမယ့်နှစ်စပိုင်းကစပြီး ပြိုင်ပွဲအများစု ပြန် လည်ကျင်းပမယ်လို့ သိရပါတယ်။ လာမယ့်နှစ်ထဲမှာ မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် သက် တမ်းလိုက်အသင်းတွေအနေနဲ့ အာဆီယံနဲ့ အာရှအဆင့်ပြိုင်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်ရ မှာဖြစ်ပါ တယ်။ ဒါကြောင့် လာမယ့်နှစ် ပြိုင်ပွဲတွေရဲ့ ပြန်လည်ကျင်းပမယ့် ကာလပေါ်မူတည်ပြီး လက်ရွေးစင် အသင်းတွေကို ခြေစမ်းပွဲတွေကစားဖို့၊ စခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်ပါမယ်” ဟု ၎င်း ကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်တွင် ပြန်လည်ကျင်းပမည့် အာဆီယံအဆင့်ပြိုင်ပွဲ များအနက် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အမျိုးသား အသင်းယှဉ်ပြိုင်မည့် ဆူဇူကီးဖလားပြိုင်ပွဲ ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထား သည်။

ကိုရဲ