အမေရိကန်၌ကျင်းပမည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ဒေ့ဗ်ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ လက်ဝှေ့

အမေရိကန်နိုင်ငံ၌ ကျင်းပမည့် Sparta Wyoming 4 ပြိုင်ပွဲ၏ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC) ခရူဆာဝိတ်တန်းချန်ပီယံ ဒေ့ဗ်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Sparta Sports and Entertainment မှ ကြီးမှူးကျင်းပသည့် ယင်းပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့် အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်တို့ ယှဉ်ပြိုင် မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ရန် ဒေ့ဗ်သည် အောက်တိုဘာ ၆ ရက်က တရားဝင်စာချုပ် ချုပ်ဆိုလိုက် ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“မြန်မာ့ရိုးရာလက်ဝှေ့ကို မြန်မာနိုင်ငံမှာမဟုတ်ဘဲ ကမ္ဘာကသိဖို့ကြိုးစားမယ်။ ရိုးရာလက်ဝှေ့ရဲ့   စည်းမျဉ်းအောက်မှာ ယှဉ်ပြိုင်ဖို့ တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ပြိုင်ဘက်ကတော့ အရင်ယှဉ် ပြိုင်ဖူးတဲ့ အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်နဲ့ဖြစ်ပါတယ်။ ဒီပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ပြင် ဆင်ထားပါတယ်” ဟု ဒေ့ဗ်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဒေ့ဗ်နှင့် ဆိုင်းရပ်စ်တို့သည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၌ကျင်းပသည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင်   ယှဉ်ပြိုင်ခဲ့ဖူးသည်။ ယင်းပွဲစဉ်တွင် ၎င်းတို့နှစ်ဦးသည် ငါးချီအထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သော် လည်း အနိုင်အရှုံး အဖြေမပေါ်ဘဲ ပူးတွဲသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် WLC ခရူဆာဝိတ်တန်း ချန်ပီယံတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲပေါင်း ၁၁ ပွဲ ယှဉ် ပြိုင်ရာ ငါးပွဲနိုင်၊ ခြောက်ပွဲသရေကျ ထားသည်။                             

ကိုရဲ