နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ ရန်ကုန်(ဓနိတော)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် - ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင် ဖြန့်ဖြူးရေးဌာနကြီး၊ ရန်ကုန်(ဓနိတော) သို့ သွားရောက်စစ်ဆေးသည်။
ဦးစွာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် တာဝန်ရှိသူတို့က ပင်မသိုလှောင် ဖြန့်ဖြူး ရေးဌာနကြီး၊ ရန်ကုန်(ဓနိတော)၏ သမိုင်းအကျဉ်း၊ သိုလှောင်နိုင်မှုအခြေအနေများ၊ ရာသီဥတုကြောင့် ဓနိတောဆိပ်ခံတံတား ပျက်စီး ခဲ့ရမှုနှင့် ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိုလှောင်ကန်များနှင့် ဆိပ်ခံဘောတံတား ငှားရမ်းသုံးစွဲခဲ့မှုအခြေအနေများ၊ မြန်မာ့မီးရထားမှ ဒီဇယ်ဆီဝယ်ယူရရှိမှု အခြေအနေများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားရှိမှု အခြေအနေများကိုရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဆိပ်ကမ်း နယ်မြေဖြစ်၍ စနစ်တကျရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆီသိုလှောင်ကန်များနှင့် ဆိပ်ခံတံတားတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။