ယူရို ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်ယူ-၁၉ အသင်းနှင့် အစ္စရေး ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားရာ အင်္ဂလန်အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင် ရရှိပြီး ငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံ ဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယူရို ယူ-၁၉ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်္ဂလန် ယူ-၁၉ အသင်းနှင့် အစ္စရေးယူ-၁၉ အသင်းတို့ ပွဲစကတည်းက အပြန်အလှန်ဖိအားပေးကစားမှုများဖြင့် အကြိတ် အနယ်ရှိခဲ့ပြီး ပွဲချိန် မိနစ် ၄၀ အတွင်း ဂလော့ဗ်က အစ္စရေးအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ကာ ပွဲချိန် ပထမပိုင်းတွင် အစ္စရေးအသင်းက ၁ ဂိုး- ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ပွဲချိန်ဒုတိယပိုင်းတွင် အင်္ဂလန် ယူ-၁၉ အသင်းက ပြန်လည်ဖိအားပေးကစားနိုင်ပြီးနောက် ပွဲချိန် ၅၂ မိနစ်တွင် ဒွိုင်လီက အင်္ဂလန် ယူ-၁၉ အသင်း အတွက် ချေပဂိုးသွင်းယူနိုင်ပြီး လက်ကျန်ပွဲချိန်များ တွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရသည်။
ထို့နောက် အချိန်ပို မိနစ် ၃၀ ကစားရာ ပွဲချိန် ၁၀၈ မိနစ်တွင် ချူကူမီကာနှင့် ပွဲချိန် ၁၁၆ မိနစ်တွင် ရမ်ဆေးတို့က အင်္ဂလန် ယူ-၁၉ အသင်းအတွက် ဂိုး များသွင်းယူနိုင်ပြီးနောက် ပွဲပြီးဆုံးချိန်တွင် အင်္ဂလန် ယူ-၁၉ အသင်းက ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန် ယူ-၁၉ အသင်းသည် ယူရို ယူ-၁၉ ပြိုင်ပွဲ တွင် ၂၀၁၇ ခုနှစ်က ချန်ပီယံဆုရရှိခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Ref;ESPN