မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားသောနိုင်ငံ ဖြစ်သည့်အားလျော်စွာ မြန်မာအမျိုးသမီး တို့သည် ယဉ်ကျေးသိမ်မွေ့စွာ ကြီးပြင်းလာကြသူများ ဖြစ်ကြသည်။ သားသမီးဘဝတွင် သားသမီးတို့ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရသည်။ အထူးသဖြင့် စောင့်လေမျိုးနွယ်ဟူသောကျင့်ဝတ်ကိုလေးစားလိုက်နာ ကြသည်။ မိမိတို့နှင့် အမျိုးဘာသာသာသနာ မတူသူများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လေ့မရှိကြပေ။
မြန်မာရာဇဝင်ကိုလေ့လာကြည့်လျှင်လည်း ကျန်စစ်သားမင်းသည် မိမိချစ်သော သမီးတော်ကို တိုင်းတစ်ပါးသား နှင့်လက်ထပ်ခွင့်မပြုခဲ့ဘဲ မိမိတို့၏ မျိုးနွယ်တူသူနှင့်သာ လက်ထပ်ထိမ်းမြားစေပြီး ထိုသမီးတော်က မွေးဖွားခဲ့သော မြေးတော်ကို ထီးမွေနန်းမွေ ဆက်ခံစေခဲ့သည်မှာ ထင်ရှားသောသမိုင်းဖြစ်သည်။
မြန်မာတို့ကိုလိုနီနိုင်ငံအဖြစ် ကျရောက်သောအခါ၌လည်း မြန်မာအမျိုးသမီးတိုင်း အမျိုးအနွယ်ကို စောင့်ရှောက်ကြရန် စာပေပညာရှင်တို့က စာပေများစွာ ရေးသားခဲ့ကြသည်။ ထိုရေးသားချက်များစွာထဲမှ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားခဲ့သော အမျိုးနှင့်အမျိုးစောင့်တရား ဆောင်းပါးတွင် မိန်းမများပျက်စီး ခဲ့သည်ရှိသော် သားမြေးအစဉ်အဆက်ပျက်စီးခြင်းသို့ ရောက်ရလေကုန်၏။ မြန်မာအမျိုးသမီးတစ်ဦး တစ်ယောက်သည် မြန်မာအမျိုးသားတစ်ယောက်နှင့်လက်ထပ်ထိမ်းမြားမည်ဆိုလျှင် သားစဉ်မြေးဆက် အမျိုးမပျက်စီးနိုင်ရာ။ မြန်မာအမျိုးသမီး တစ်ယောက်သည် အမျိုးကွဲလူမျိုးတစ်ဦးလက်ထပ်ထိမ်းမြားခြင်း ကိုခံသောအခါ သားစဉ်မြေးဆက်အမျိုးပျက်စီးခြင်းသို့ရောက်လေသည်ဖြစ်၍ အမျိုးဆုံးရှုံးခြင်းကို ခံရလေ၏ ဟူ၍ အသိပေး ရေးသားထားသည်မှာ ယနေ့တိုင် သတိမူသင့်လှပေသည်။
မိဘတို့သည် မိမိတို့သားသမီးများအတွက် မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ ဆိုစကားနှင့်အညီ လူလိမ္မာ၊ လူ့ယဉ်ကျေးများ ဖြစ်အောင် မိမိတို့ဘဝတစ်လျှောက်စောင့်ရှောက်ခဲ့သော စောင့်လေမျိုးနွယ်စကားအတိုင်း သင့်တော်သူနှင့် ထိမ်းမြားပေးခြင်း ဆောင်ရွက်ရပေသည်။ ထို့ကြောင့် မြန်မာမှုနယ်ပယ်တွင် မြန်မာအမျိုးသမီးများသည် ဖြူစင် သန့်ရှင်းချစ်ခင်ခြင်း၊ ကြင်နာခြင်းနှင့် ပြည့်ဝသူများ ဖြစ်ကြသည်။ ဤနေရာတွင် မြန်မာအမျိုးသမီးဟု ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးကိုရည်ညွှန်းရေးသားခြင်းဖြစ်သည်။ မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ တိုင်းရင်းသူများသည်လည်း ယင်းတို့၏ ဓလေ့ထုံးစံနှင့်အညီ လွန်စွာမှပင် ချစ်စရာမြတ်နိုးစရာ ကောင်းလှပေသည်။
မိဘဘိုးဘွားတို့၏ ကောင်းမွန်သော ထိန်းသိမ်းစောင့်ရှောက်မှုနှင့် မြန်မာတို့၏ ဓလေ့ထုံး စံယဉ်ကျေးမှုများကြောင့် မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုသည် ကမ္ဘာတွင် အလှပဆုံးဟုဆိုနိုင်သည်။ ယနေ့ခေတ်တွင် အခြားသော ယဉ်ကျေးမှုများ ဝင်ရောက်လာမှုကြောင့် မြန်မာအမျိုးသမီးအချို့တို့၏ ဝတ်စားဆင်ယင်မှုများမှာ ခေတ်ဆန်လာသော်လည်း အမျိုးသမီးအများစုမှာ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းထား နိုင်ကြောင်း တွေ့ရှိနိုင်သည်။
ခေတ်အဆက်ဆက်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်လည်း ဦးတည်ချက်(၉)ရပ် ချမှတ်ထားပြီး လူမှုရေးဦးတည်ချက်များ ချမှတ်ထားရာတွင် တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကိုလေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု၊ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ဦးတည်ချက် ထည့်သွင်းသတ်မှတ်ထားသည်မှာ လွန်စွာသင့်လျော်လှပေသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့်အမျိုးသားများသည် မြန်မာ့ရိုးရာ အစဉ်အလာအားဖြင့်လည်းကောင်း၊ ဘာသာရေးအားဖြင့် လည်းကောင်း တန်းတူညီမျှမှုရှိသည်။ မောင်တစ်ထမ်းမယ်တစ်ရွက် ဆိုစကားသည် တန်းတူရည်တူရှိမှုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယနေ့ခေတ်ကမ္ဘာကြီးတွင် နည်းပညာမြင့်မားလာမှု နှင့်အတူ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ နည်းပညာများ တတ်မြောက်လာကြပြီဖြစ်ရာ အမျိုးသားများနည်းတူ တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍမှ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးအပါအဝင် အခြားသောကဏ္ဍပေါင်းစုံတွင်လည်း အမျိုးသမီးများ၏တာဝန်ထမ်းဆောင်မှု ရာခိုင်နှုန်းမှာ မြင့်မားလာပြီ ဖြစ်သည်။ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့တွင် အမျိုးသမီးအပေါင်း ကာယဉာဏစွမ်းရည်များဖြင့် နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ပါစေ ကြောင်း ရေးသားလိုက်ရပေသည်။ ။