မြန်မာအမျိုးသမီးများလုံခြုံမှုနှင့် စောင့်စည်းရမည့်အရာများ
လူ့လောကတွင် အကျိုးအကြောင်း အဆိုးအကောင်းဟုရှိပေသည်။ ထို့အတွက်ကြောင့် အဆိုးကိုနည်းပါး၊ ကောင်းကျိုးကိုပွားများဖို့ လိုအပ်ပေသည်။ ယခုခေတ်ကာလမှာ မိန်းကလေးများ၏ ဘဝတစ်သက်တာလုံခြုံမှုရှိမှ ရပ်တည်နိုင်မှုရှိမည်။ ရပ်တည်နိုင်မှုရှိမှ ဘဝအာမခံချက်ရှိမည်။ ဘဝအာမခံချက်ရှိမှ တန်ဖိုးရှိရှိနှင့် လူ့ဘဝ၏ အေးချမ်းမှုကိုရရှိမည် ဖြစ်သည်။
ထိုလုံံခြုံမှုရရှိရန်အတွက် အရှက်နှင့် အကြောက်ရှိဖို့လိုသည်။ အရှက်နှင့်အကြောက်ရှိမှ အသိတရား၊ ဆင်ခြင်တုံတရားရှိကြမည်။ မိမိစိတ်ကို ရိုးသားမှု၊ တည်ငြိမ်မှုဟူသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံစေရမည်။ ထို့ကြောင့် လုံခြုံမှုအတွက် စိတ်ဓာတ်အင်အား ကောင်းရပေမည်။
လုံခြုံမှုဆိုသည်မှာ ပထမ စိတ်၏လုံခြုံမှု၊ ဒုတိယကိုယ်နှုတ်လုံခြုံမှု၊ တတိယဝတ်စား ဆင်ယင်မှုဟူ၍ သုံးပါးရှိသည်။ အဆိုပါ လုံခြုံမှုများရှိမှ မိန်းကလေး၏ ဘဝသည် သာယာတင့်တယ်မည်။ မိန်းကလေးတို့ဘဝလုံခြုံရေးသည် အရေးပါသော ကဏ္ဍမှာပါဝင်နေ သည့်အတွက် မိန်းကလေးများအတွက် အထူးဂရုစိုက်ဖို့လိုသည်။ သမီးကလေးမွေးပြီလို့ ဆိုလိုက်သည်နှင့် မိဘများမှာ ပို၍ပင် စိတ်ပူကြရသည်။
အဘယ်ကြောင့်ဆိုသော် မည်သို့ပင် မိဘဆွေမျိုးများ စောင့်ရှောက်နိုင်ပါစေ သမီးမိန်းကလေးတစ်ဦးအနေနှင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင် မစောင့်ရှောက်နိုင်ပါက တန်ဖိုးမဲ့တတ်သည်။ ထို့အတွက်ကြောင့် မိမိစိတ်ကိုအလိုမလိုက်ဘဲ မိမိကိုယ်မိမိ လုံခြုံမှုနှင့် စိတ်ကို ထိန်းသိမ်းနိုင်သော အရည်အချင်းရှိအောင်၊ မိမိကိုယ်မိမိယုံကြည်လာအောင် ကြိုးစားကြရမည်မှာ မိန်းကလေးများ၏ တာဝန်ပင်ဖြစ်သည်။ စိတ်၏လွတ်လပ်မှုကို အဓိကထားမိပါက၊ အရာရာကိုမထိန်းနိုင်ပါက အမှားများပြီး ဘဝတိမ်းစောင်း သွားနိုင် သည်။ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဖြစ်တတ်သည်။
လူတစ်ဦးချင်းသည် ဘဝအကျိုးပေးအရ ဆင်းရဲသည်၊ ချမ်းသာသည်ရှိလင့်ကစား ကိုယ့်မျိုးရိုးနှင့် ကိုယ့်သိက္ခာအတွက် မိန်းကလေး တစ်ဦးအနေဖြင့် စောင့်စည်းထိန်းသိမ်းရမည်။ မိမိပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရမည်။ မိမိကိုယ်မိမိ အုပ်ချုပ်မှု၊ ထိန်းကျောင်းမှု မလွတ်အောင် နေတတ်ရမည်။ မိန်းကလေးတစ်ဦးသည် မိဘဆွေမျိုးနှင့်ပတ်ဝန်းကျင်အား ဖီလာဆန့်ကျင်ဖြစ်ပြီး အုပ်ချုပ်မှု၊ ထိန်းကျောင်းမှု လွတ်ကင်းခဲ့သူသည် လူတိုင်း၏ ဖိနှိပ်ချုပ်ချယ်မှုခံရမည်သာ ဧကန်မုချဖြစ်ပေသည်။
အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံ မြန်မာအမျိုးသမီးကလေးများသည် မျိုးရိုးအစဉ်အဆက်ကတည်းက ယဉ်ကျေးမှုကိုအခြေခံပြီး ကြီးပြင်းခဲ့ရပြီး အမျိုးဘာသာ သာသနာကို အလေးထားသော လူမျိုးများဖြစ်ပေသည်။ ကိုယ်ကျင့်တရား လက်ကိုင်ထားပြီး စောင့်ထိန်းအပ်သည့် လူမှုကျင့်ဝတ်များ၊ စည်းကမ်းများအရ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် နေရသည်။ မိန်းကလေးဘဝမှာ အရွယ်ရောက်လာလျှင် မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် လွတ်လပ်စွာရှိနိုင်ကြပါသည်။ သို့သော်လည်း အရွယ်ကိုလိုက်ပြီး စည်းကမ်းနှင့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းမည့်သူ မရှိ၊ မိမိကိုယ်၌ကလည်း မထိန်းသိမ်းနိုင်သော မိန်းကလေးများမှာ ပျက်စီးရာ ပျက်စီးကြောင်းများ ရှိနိုင်ပါသည်။
အချို့သော မိန်းကလေးများသည် ပျက်ရမည့် အကြောင်းတရားများတွင် စီးပွားရေးကိုအခြေခံခြင်း၊ လူမှုရေးအားနည်းခြင်းတို့ကြောင့် ဖြစ်တတ်သည်။ ထို့ကြောင့် မိန်းကလေးများစိတ်ဓာတ်သည် ကြံ့ခိုင်နိုင်ပြီး ဖြစ်ပေါ်လာသော အရာများကို တည်ငြိမ်သော စိတ်ဓာတ်ဖြင့် လှုပ်ရှားနိုင်ရမည်။ မိမိအတွက် ကောင်းရာကောင်းကြောင်း သင်ပြနိုင်သော မိဘ၊ ဆရာ၊ မိတ်ဆွေများ ရှိရမည်။ ဘုရားရှင် ကိုယ်တော်တိုင်ကပင် အတ္တာဟိ အတ္တနော နတ္တော-ဟူ၍ ဟောကြားခဲ့သည်။ မိမိကိုယ်ကို ကိုးကွယ်ခြင်းသည် အကောင်းဆုံး အရည်အချင်းဖြစ်သည်။ မိမိကိုယ်မိမိ အသိဉာဏ်တိုးတက်အောင် စာပေများကို လေ့လာမှတ်သားရမည်။ လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် အလုပ်ကို လုပ်ကိုင်ရမည်။ လူမှုပေါင်းသင်းမှုများကို ဦးစားပေးပြီး ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ပိုင်စာရိတ္တ၊ ကိုယ့်မျိုးရိုးဂုဏ်ကို စောင့်ရှောက်ပြီး မိမိကိုမထိခိုက်အောင်၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်အောင် ကြိုးစားရမည်။ မိန်းကလေးတစ်ယောက်၏ တန်ဖိုးမကျအောင် ပြုလုပ်နေထိုင်တတ်ရမည်။ မိမိတန်ဖိုးရှိမှ မိမိဆွေမျိုးစဉ်ဆက် တန်ဖိုးရှိမည်။ လူနှင့် သတ္တဝါအားလုံးတို့သည် အသိုင်းအဝိုင်း၊ အနှောင်အဖွဲ့နှင့် နေကြသော အစဉ်အလာရှိသည်။
လူဆိုသည်မှာ ကိုယ်တစ်ဦးတည်းအတွက် ရပ်တည်နေကြသည်မဟုတ်ပါ။ လောကကြီးမှာ လူသည်ပတ်ဝန်းကျင်နှင့် ကင်း၍ မရသလို၊ ယခုလက်ရှိ လူ့ပတ်ဝန်းကျင်အား ဂရုမစိုက်သလို ပြုလုပ်လိုက်မိပါက နောင်ဖြစ်ပေါ်လာမည့် လူ့ဘဝတစ်လျှောက်လုံး လက်တွဲရမည့်အဖော်မွန်နှင့် ကိုယ်ကတစ်ဖန် ပြန်လည်၍ တာဝန်ယူလုပ်ဆောင်သွားရမည့် လူသားများအတွက် ကိုယ့်ဘက်က တာဝန်မကျေ၍ ဖြစ်ပေါ်လာမည့်ဒုက္ခများကို ထည့်သွင်းစဉ်းစားရပေမည်။ မှန်ကန်သော အတွေးအခေါ်နှင့် မှန်ကန်သော လမ်း ကြောင်းကို မြင်အောင်ရှုရမည်။ မိမိ၏ စိတ်ကိုအလိုလိုက်ပြီး တစ်ဘဝလုံးနှင့် ကိုယ့်ရဲ့သားစဉ်မြေးဆက် တန်ဖိုးကျနိုင်သည်ကို တွေးခေါ် တတ်ဖို့လိုသည်။
လူဆိုသည်မှာ အတ္တတော့ရှိကြပါသည်။ သို့သော်တစ်ခါတလေ ကိုယ့်အတွက်ကို မစဉ်းစားဘဲ သားသမီးများအတွက်၊ ကိုယ့်ချစ်ရမည့် သူများအတွက် စဉ်းစားတတ်ကြသည်။ တချို့ကတော့ အတ္တကြီးမားပြီး မိမိအတွက်သာ ပဓာနထားပြီး မိုက်မှားမှုကြောင့် ဆွေဂုဏ်မျိုး ဂုဏ်ထိခိုက်တတ်သည်။ ထို့ကြောင့် အသိတရားနှင့်သတိတရားကို လက်ကိုင်ထားနိုင်ပါက မိမိအတွက် လုံခြုံမှုသာမက ဆွေစဉ်မျိုးဆက် ဂုဏ်တက်လျက် နောင်လာနောက်သားများအတွက်မျက်နှာမငယ်ရဘဲ လူ့ဘဝတွင် ရဲဝံ့စွာရပ်တည်နိုင်သော ဆွေကောင်း မျိုးကောင်းနှင့် မျိုးကောင်းအခြေခံမှန်ခြင်းကြောင့် တင့်တယ်စွာနေနိုင်ရပါမည်။
ရှေ့လူကြီးများ၏ မြန်မာဆိုရိုးစကား ရှိပါသည်။ ထိုစကားမှာ စည်းနှင့်ကမ်းနှင့်၊ ဘောင်နှင့်ကလနားနှင့်ဆိုသော စကားရှိသည်။ ထိုဆိုရိုးအတိုင်း ကန့်သတ်ချက် ကလေးများနှင့် အချိန်အရွယ်၊ အတိုင်းအဆများကို မှန်မှန်အသုံးချတတ်ပါက မိန်းကလေးများ၏ ဘဝများသည် ကောင်းမွန်တိုးတက်လာနိုင်သည်။ ကောင်းသောပတ်ဝန်းကျင်၊ မကောင်းသော ပတ်ဝန်းကျင်၊ မနေအပ်သော အရပ်ဒေသ၊ မပေါင်းအပ်သော သူများကို မှန်ကန်စွာစဉ်းစား ချင့်ချိန်သတိထားသင့်သည်။
မိန်းကလေးများ၏ ဘဝသည် မိမိဘဝလုံခြုံရေးနှင့် မိမိကိုယ်မိမိ ကာကွယ်ချင်သော စိတ်ရှိသည်။ ဥပမာ-မိန်းကလေးများသည် ထိကရုံးပင်နှင့်တူသည်။ မိမိကိုထိ၍ ရုန်းတတ်၊ ကန်တတ်၊ ကာကွယ်တတ်သည့် ထူးခြားပြီး ဤစိတ်ကိုမွေးရန်မလို။ သဘာဝက ပေးထားသည့် ပင်ကိုဗီဇစိတ်က ပါလာပါသည်။ ဤသည်ပင် သတိ၊ အသိ၊ သတ္တိမွေးပြီးရပ်တည်ကြရမည်။
မိန်းကလေး၏ ဘဝမှာ မိမိတန်ဖိုး၊ မိမိလူမျိုးနှင့် တိုင်းပြည်၏ တန်ဖိုးများကို မဆုံးရှုံးအောင် ဂရုစိုက်၍ပြုလုပ်ရန်မှာ တစ်ဦးချင်း၏ တာဝန်တစ်ရပ်ဖြစ်သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလို မိမိသာမက တစ်ပြည်လုံး ထိခိုက်နစ်နာရသည် ကိုလေးနက်စွာစဉ်းစားပြီး မြန်မာအမျိုးသမီးကလေးများသည် မြန်မာပီသပြီး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ ဝတ်စားဆင်ယင် နိုင်ကြပါစေ။
မိန်းကလေးများသည် စားဝတ်နေရေးအတွက် ရပ်တည်ရာတွင် ကောင်းသောအသက်မွေးဝမ်းကျောင်းနှင့် ရပ်တည်နိုင်အောင် ပြုလုပ်ဖို့ အရေးကြီးသည်။ မကောင်းသောအကြံ၊ မကောင်းသော အသက်မွေးဝမ်းကျောင်းနှင့် အသက်မွေးခြင်းသည် ရေရှည်မခံ၊ အာမခံချက်မရှိ၊ အရေးအကြောင်းရှိပါကလည်းမည်သူမှ တာဝန်မယူ၊ ကိုယ့်ဘက်မှ ရပ်တည်မည့်သူမရှိဖြစ်၍ ဘဝမှာရေစုန် မျောတတ်သည်။ ခေတ်တွေအလီလီ ဘယ်လိုပင်ပြောင်းသော်လည်း လူ၏စိတ်ဓာတ် အခြေခံကောင်း ရှိသောအခါမှ စိတ်အလို ကိုမလိုက်၊ ခေတ်အလိုကိုမလိုက်ဘဲ ပင်ကိုစရိုက်နှင့် ရပ်တည်ခြင်းသည် ဘဝ၏ လမ်းမှန်ပင်ဖြစ်ပေသည်။ ရှေးဆိုရိုးအရ “အရိုးပေါ်အရွက်မဖုံးဘဲ” မြန်မာမိန်းကလေးတွေ မြန်မာပီသပြီး မြန်မာဆန်သောသဏ္ဌာန်ကို သရုပ်ဆောင်နိုင်ကြပါစေ။ မြန်မာစိတ်ဓာတ်ကို မပျောက်အောင် စောင့်ထိန်းသည့် အမျိုးသမီးကလေးများ၊ မြန်မာပြည်အတွက် တန်ဖိုးအနဂ္ဃထိုက်တန်သော အမျိုးသမီး ကောင်းကလေးများ ပေါ်ထွန်းပြီး မိမိတိုင်းပြည်ကို ချစ်တတ်သောသမီးငယ်လေးများ ဖြစ်နိုင်ပါစေဟူ၍ ရင်တွင်း ဆန္ဒမေတ္တာ အပြည့်နှင့် တောင်းဆုခြွေ ရေးသားလိုက်ရပါသည်။ ။
- မိမိစိတ်ကို လုံခြုံထိန်းလို့
မတိမ်းစေနဲ့ ဆောက်တည်လေ။
- မိမိကိုယ်ကို ဘယ်မယိမ်းဖို့
စောင့်ထိန်းကြမှ ဘေးကင်းမလေ။
- ကောင်းကျိုးထွေထွေ ရေရှည်ကြည့်လို့
လုံခြုံသတိရှိပါစေ။
- မိမိကိုယ်လေ မိမိထိန်း၍
မျိုးနွယ်ချစ်စိတ် ကိန်းနိုင်စေ။
- မြန်မာမျိုးဆွေ မတိမ်ကောဖို့
သွေးနှောချစ်ခြင်း ကင်းပါစေ။
- သန့်စင်မြတ်နိုး ပြည်အကျိုး
ရိုကျိုးထမ်းရွက် မြဲမသွေး။
တို့တစ်တွေ မချို့စေ။
မန်းခင်ခင်